ကိုလံဘီယာ၌ ကိုကင်းများသိမ်းဆည်းရမိရေး ကူညီခဲ့သည့်အနံ့ခံခွေးကို မူးယစ်ဂိုဏ်း ဆုကြေးထုတ်ခဲ့

ကိုလံဘီယာ၌ ကိုကင်းများသိမ်းဆည်းရမိရေး ကူညီခဲ့သည့်အနံ့ခံခွေးကို မူးယစ်ဂိုဏ်း ဆုကြေးထုတ်ခဲ့

ကိုလံဘီယာရဲတပ်ဖွဲ့ဝင်များက ကိုကင်းများရှာဖွေရာတွင် ထိရောက်စွာကူညီနိုင်ခဲ့သည့် ဂျာမန်သိုးထိန်းခွေးတစ်ကောင်ကို သတ်ဖြတ်နိုင်သူအား ဒေါ်လာထောင်ပေါင်းများစွာပေးအပ်မည်ဖြစ်ကြောင်း မူးယစ်ဂိုဏ်းများက ဆုကြေးထုတ်လိုက်ပြီဖြစ်သည်။

အနံ့ခံ

အသက်ခြောက်နှစ်အရွယ် ခွေးဆွမ်ဘရာသည် လက်ဆွဲအိတ်များ၊ စက်လှေများနှင့် သစ်သီးများထည့်ထား သော ကုန်သေတ္တာများထဲရှိ ကိုကင်း ကီလို ၂၀ဝ၀ ကျော် ကို အနံ့ခံရှာဖွေပေးခြင်းဖြင့် ကိုလံဘီယာရဲတပ်ဖွဲ့ကို ကူညီ ပေးခဲ့သည်။ ကိုယ်ပိုင်စစ်တပ်ပင်ရှိသည်ဟု ြွကားဝါထားသည့် ဂါ့ဖ်ကလန်မူးယစ်ဂိုဏ်းက ဆွမ်ဘရာကိုသတ်ဖြတ်နိုင်သူ မည်သူကိုမဆို ဆုငွေ ဒေါ်လာ ၇၀ဝ၀ ပေးအပ်မည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်ဟု ကိုလံဘီယာရဲတပ်ဖွဲ့က မကြာသေးမီတွင် ပြောဆိုခဲ့သည်။

ဆွမ်ဘရာသည် စပိန်ဘာသာဖြင့် အရိပ်ဟု အဓိပ္ပာယ် ရသည်။ ခြိမ်းခြောက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များသည် ဆွမ်ဘရာကို ကိုလံဘီယာရှိ ကရစ်ဘီယံဆိပ်ကမ်းမြို့မှ မြို့တော် ဘိုဂိုတာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ယခုအချိန်တွင် ဆွမ်ဘရာသည် ဘိုဂိုတာရှိ အီဒိုရာဒိုနိုင်ငံတကာလေဆိပ်၌ သံသယရှိသော ကုန်သေတ္တာများအတွင်း မူးယစ်ဆေးဝါးများ ရှိ၊ မရှိကို အနံ့ခံကာရှာဖွေပေးနေသည်။

တစ်ရက်လျှင် ခြောက်နာရီခန့်တာဝန်ထမ်းဆောင်ပြီး နောက် ဆွမ်ဘရာကို မှန်အနက်ရောင်များတပ်ထားသည့် ဗင်ကားတစ်စီးဖြင့် ခိုလှုံအိမ်သို့ လက်နက်ကိုင်အစောင့် အကြပ်ဖြင့် ပို့ဆောင်ပေးနေရသည်။ ခွေးမလေးလုံခြုံရေး အတွက် တာဝန်ရှိကြောင်း ရဲအရာရှိ ဟိုဆေးရာဟာစ်က ပြောဆိုခဲ့သည်။

မရှိမဖြစ်

ကိုလံဘီယာ၌ ကိုကင်းထုတ်လုပ်မှုပမာဏမြင့်မား လာမှုကြောင့် ဆွမ်ဘရာ၏အကူအညီကို ယခင်ကထက် ပိုမိုလိုအပ်နေသည်။ မူးယစ်ဆေးဝါးပင်များကို မောင်းသူမဲ့ လေယာဉ်များအသုံးပြုပြီး ဖျက်ဆီးမည်ဖြစ်ကြောင်း သမ္မတ အဖြစ်ရွေးကောက်ခံထားရသည့် အိုင်ဗန်ဒူက ကတိပြု ထားသည်။ အဆင့်မြင့်နည်းပညာများရှိနေသော်လည်း ဆွမ်ဘရာကဲ့သို့ မြေပြင်ထောက်လှမ်းမှုများက မရှိမဖြစ် လိုအပ်နေဆဲဖြစ်သည်။

ဆွမ်ဘရာသည် မကြာသေးမီတွင် ဥရောပသို့ဦးတည် သည့် ဂါ့ဖ်ကလန်ပိုင် ကိုကင်းငါးတန်ကို ဖော်ထုတ်ပေး နိုင်ခဲ့သည်။ ယင်းကိုကင်းများကို ငှက်ပျောသီးသေတ္တာများ ထဲတွင် ဖုံးဝှက်သယ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆွမ်ဘရာ၏စွမ်းဆောင်မှုကြောင့် ကိုလံဘီယာရှိ နိုင်ငံတကာလေဆိပ် နှစ်ခုတွင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ ဖမ်းဆီးမှု ၂၄၅ မှု ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောဆို ခဲ့သည်။