မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၈ ခုနှစ် အာရှကလပ်အမျိုး သားဘော်လီဘောပြိုင်ပွဲ၌ မြန်မာအသင်း ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များကို ရုပ်သံလိုင်း များမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် အာရှကလပ်အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်(ယနေ့)မှ သြဂုတ် ၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ခ)နှင့်(ဂ)တို့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာပြည်ကိုယ်စားပြုကလပ်အဖြစ် Asia World Volleyball Club က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းယှဉ်ပြိုင် မည့်ပွဲစဉ်များကို အခမဲ့ရုပ်သံလိုင်းဖြစ်သော MRTV ရုပ်သံလိုင်းနှင့် အခပေးရုပ်သံလိုင်း ဖြစ်သည့် စကိုင်းနက်ရုပ်သံလိုင်းတို့မှ တိုက် ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ထို့ပြင် MYANMAR VOLLEYBALL PAGE မှလည်း တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်ကြမည်
မြန်မာပြည်ကိုယ်စားပြုကလပ် Asia World Volleyball Club သည် ပြိုင်ပွဲသို့ အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်လေးဦး၊ ကစားသမား ၁၄ ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်း အပါအဝင် သြစတြေးလျ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်၊ အီရန်၊ ဂျပန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ကာတာ၊ သီရိလင်္ကာ၊ တာခ်မင်နစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ကိုယ်စားပြုကလပ်အသင်းများ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
နုတ်ထွက်ခဲ့
Asia World Volleyball Club သည် အုပ်စု(ဃ)၌ တာခ်မင်နစ္စတန်၊ ပါကစ္စတန် အသင်းတို့နှင့်အတူကျရောက်နေသည်။ ယခင် က ယင်းအုပ်စုတွင် ဂျော်ဒန်အသင်းပါဝင်သော် လည်း နုတ်ထွက်ခဲ့၍ အသင်းသုံးသင်းဖြင့် သာ အုပ်စုပွဲစဉ်များယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ယနေ့ မွန်းလွဲ ၁၁ နာရီတွင် တာခ်မင်နစ္စတန်ကလပ် အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီတွင် အုပ်စုနောက်ဆုံးပွဲ အဖြစ် ပါကစ္စတန်ကလပ်အသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။














