ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦးထိခိ်ုက်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှသိရသည်။ ဇူလိုင်၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၇၄/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သာကေတမြို့နယ် (၃)ရပ်ကွက်နေ ယာဉ်မောင်း မျိုးလှိုင်(၃၈)နှစ် မောင်းနှင်ပြီး ကျော်ဇင်ဝင်း ပါ(၅)ဦး လိုက်ပါလာသည့် ERTIGA SUZUKI ယာဉ်သည် နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့အရှိန်ဖြင့် မောင်းနှင်စဉ် အဆိုပါ မိုင်တိုင်အရောက် မထိန်းနိုင်ဘဲလမ်း လယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့သည်။
အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။

















