ဟာသသရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရမှုကို အမှုကျေအေး ရုပ်သိမ်းခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအဖြစ် အမှုရင်ဆိုင်နေရသူ ၃ ဦး လွတ်မြောက်သွားခဲ့ပြီး ယခုအခါ၄င်းတို့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပြန်လည်စွဲ ချက်တင်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ဇူလိုင် ၃ဝ ရက်တွင် ပြောဆိုခဲ့သည်။
''လူသေမှုကို ပြည်သူအချင်းချင်း ကျေအေးပြီးတော့ လုပ်တာ ဟာ တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးတဲ့အချက်ဖြစ် တယ်။ တကယ်တမ်းက ပြည်သူ အချင်းချင်းဖြစ်စေခဲ့လို့ တရားလို ဟာ နိုင်ငံ တော်ဖြစ် တယ်။ နိုင်ငံ တော်ဘက်ကိုလည်း ပြန်ကြည့်ရ မယ်။ နိုင်ငံတော်က တရားဥပ ဒေစိုးမိုး မှုအပိုင်းမှာ ပြစ်မှု တွေထပ်ပြီး မဖြစ်အောင် နိုင်ငံတော်က တရားလိုဖြစ်တယ်။ အဲဒီလိုသတ် မှတ်ပြီး တော့ကိုစစ်ရမယ်''ဟု ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် က တရား စီရင်ရေးအပိုင်းနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ သည်။
ထိုသို့ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံးမှ ဦးဇော်ဌေး က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်အောင်ရဲထွေး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ ၃ ဦးကို အရှေ့ ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး(၆)၏ရုံးတွင် ရာဇဝတ်မှုကြီးအမှတ် ၃၄/၂ဝ၁၈ဖြင့် လက်ခံစစ် ဆေးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ (တရားလို)က အမှုနှင့် ပတ်သက် ၍ ကျေအေး လွှာ တင် ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဇူလိုင် ၆ နေ့ရက်စွဲဖြင့် ပေးပို့လာသည့် စာအရ အမှုအားရုပ်သိမ်းခွင့်ပြုကြောင်း ပြန်ကြားခဲ့ရာ အမှုစစ်တရားသူကြီးက ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၉၄(က) အရ အမှုအားရုပ်သိမ်းခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဖမ်းဆီး တရားစွဲဆိုထားသူ သုံးဦးကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အမှုမှ အပြီးအပြတ်ပြန်လွှတ်ခဲ့သည့် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
''စွဲချက် မတင်မီလွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရား လွှတ် တော်ကိုတင်ပြဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြား လိုက်ပါ တယ်။တိုင်းဒေသကြီးဥပဒေချုပ်က တိုင်းဒေသကြီးတရားလွှတ်တော်ကို ပြင်ဆင် ချက် ဒီကနေ့ (သို့မဟုတ်) မနက်ဖြန်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ပြစ်မှုနဲ့လွှတ်လိုက်တဲ့သူ ၃ ဦးကလည်း ပြည်ပကိုထွက်ခွာသွား ခဲ့ပါက အစိုးရအနေနဲ့နိုင်ငံတကာရဲတပ်ဖွဲ့နဲ့နိုင်ငံ ချင်းပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက် ဆောင်ရွက် မယ်''ဟု ဦးဇော်ဋ္ဌေးက ပြောကြားသည်။
'' ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က )အရ စွဲချက်မတင်သေးခင် တရားလိုက အမှုလုပ်ထုံး လုပ်နည်း တွေအတိုင်း သေဆုံး သူရဲ့မိသားစုဝင်က ဥပဒေဘောင်အတွင်းကနေ ကျေအေး လွှာတင် ခဲ့လို့ တရားရုံးက အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့တာဖြစ်ပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ပြောသည်။
တိုင်းဒေသကြီး တရားလွှတ်တော်က ပြင်ဆင်ချက်တင်သွင်းခြင်းကို လက်ခံပါက အမှုကိုဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွင် တင်သွင်းထားခဲ့သည့် တရားလိုပြသက်သေ ၂၂ ဦးအနက် ကျန် သက်သေ ၈ ဦးကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
'' တရားခံ ၃ ဦးက လူစုလူဝေးနဲ့ အဓိကရုဏ်းဖြစ်လို့ သေသွားတယ်ဆိုရင် သေတဲ့ဒဏ်ရာ ဘယ်သူ ကြောင့် ရတယ်ဆိုတာထင်ထင်ရှားရှားမပေါ်ပေါက်တာမျိုးတွေရှိတယ်။ ဒီလိုမျိုးကြုံရင် ဥပဒေက ခွင့်ပြု ထားတဲ့ လူသတ်မှုကနေ အမှုရုပ်သိမ်းခွင့်မပေးဘူး။ မတော်တဆလူသေမှု ၃ဝ၄ ကိုပြောင်းတယ်။ အနိမ့်ဆုံးပြစ်ဒဏ်အဖြစ်စွဲချက်ကို ပြောင်းလဲခွင့်ရှိတယ်။ ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မ ၃၂၆ နဲ့ စွဲချက်ပြောင်းပြီးစစ်ဆေးနေတယ်။တကယ် လည်းကျင့်သုံး နေတယ်။အခုအမှုက ဘယ် သူကြောင့်ရမှန်းမသိတဲ့ ဒဏ်ရာနဲ့သေတဲ့ အမှုကိုရုပ်သိမ်းတယ်ဆိုတော့ လူတစ်ယောက်ကို သတ်မယ်ဆိုရင် တစ်ယောက်တည်း မသတ်ဘဲ အုပ်စုလိုက် ဝန်းရံသတ်မယ်ဆိုတဲ့ သာဓကတစ်ခု ဖြစ်သွားတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
















