ဝမ်းတွင်းမြို့နယ်၌ အရက်ဆီများတင်ဆောင်လာသည့် ၂၂ ဘီးတွဲယာဉ် တစ်စီးတိမ်းမှောက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားကာ ၂ ဦးသေဆုံးခဲ့ကြောင်း ဇူလိုင် ၃၁ ရက်က သိရသည်။
ဇူလိုင် ၃၀ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေးကားလမ်းမ မိုင်တိုင် ၃၂၆ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် အရက်ဆီ များဖိတ်စင်မီးလောင်ကျွမ်းခဲ့သည်။ ထို့အတူ ယာဉ်မောင်းအပါအဝင်ယာဉ်ပေါ်တွင်ပါရှိသူ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
'' ရန်ကုန်မန္တလေးကရင်စုနဲ့ ရွှေနိုင်ငံကြားလောက်မှာဖြစ်တာပါ။ ကားတစ်စီးလုံး မီးလောင်ကျွမ်း သွားပြီးတော့ လူသေ ၂ ဦးရဲ့ အလောင်းတွေကို ကရိန်းနဲ့ ဆွဲထုတ်ခဲ့ပြီး အလောင်းတွေကို ည ၁၂ လောက်မှရင်ခွဲရုံကိုပို့နိုင်ခဲ့တယ်"ဟုအခင်းဖြစ်နေရာသို့သွားရောက်ကူညီခဲ့သည့်ဝမ်းတွင်းမြို့ သန္တိသုခအသင်းမှ အသင်းသားတစ်ဦးက ပြောသည်။
အဆိုပါသေဆုံးမှုတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသမီး(စုံစမ်းဆဲ)တို့ မည်သူ မည်ဝါဖြစ်ကြောင်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားသည်။

















