ရွှေပြည်သာမြို့နယ်တွင် အရက်မူးပြီးပြဿနာရှာတတ်သည့် ခင်ပွန်းကို ဇနီးက ဓါးဖြင့်ထိုးသတ်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇူလိုင် ၃၁ ရက်နေ့ တွင် အမှုဖွင့်ဖမ်းဆီးခဲ့သည်။
ရွှေပြည်သာမြို့နယ် (ဏ/၁၄) ရပ်ကွက် ပေါ်ဆန်း မွှေးလမ်း တွင် ဇူလိုင် ၃၀ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ဓါးဒဏ်ရာဖြင့် လူတစ်ဦးသေဆုံးကြောင်းသတင်းအရ လှော်ကားနယ်မြေ ရဲစခန်း မှ ဒုရဲအုပ်ကျော်နိုင်ဝင်း နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဇေယျာလင်း(၃၂ နှစ်)ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး(၄၇ နှစ်)၏ပြော ပြချက်အရ ၄င်းနေအိမ်တွင်တစ်ဦးတည်းရှိနေစဉ် ခင်ပွန်းဖြစ်သူ ည ၁၁ နာရီချိန်ခန့်တွင် ပြန်လာခဲ့ ကြောင်း အရက်မူးပြီးပြန်လာတိုင်းပြဿနာရှာတတ်သဖြင့် ထမကြည့်ဘဲ ဆက်လက်အိပ်နေခဲ့ ကြောင်း ၄င်း၏ အိပ်ရာဘေးမှ ဝုန်းဟု အသံကြားသဖြင့်ထကြည့်ရာ ခင်ပွန်းဖြစ်သူတွင် ယာဘက်ရင်အုံထိုးသွင်း ဒဏ်ရာရရှိသေဆုံးနေသည်ကို တွေ့ရကြောင်း ဆိုသည်။
ထို့နောက် အစ်မဖြစ်သူ ကို လှမ်းခေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာသို့တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် အလောင်းကို အင်းစိန်ဆေးရုံသို့ပို့အပ်ရာ ပီအာရ် ၁၀ဖြင့်လက်ခံခဲ့သည်။ အမှုဖြစ်ပွားမှုနှင့် ပတ်သက်၍ လှော်ကားနယ်မြေ ရဲစခန်းက(ပ)၄၅၈/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ပူးပေါင်းအဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူကို ၄င်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးစိမ့်က သေဆုံးအောင်ပြုလုပ်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့ က မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ အမှုဖြင့်မသင်္ကာသူ ဒေါ်အေးအေးစိမ့် ကို သက်ဆိုင်ရာက စစ်ဆေးရာ သေဆုံးသူမှာ အရက်အလွန် အကျွံ သောက်စားမူးယစ်တတ်သူဖြစ်ပြီး အခင်းဖြစ်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် အရက် မူးပြီးနေအိမ်သို့ပြန်ရောက်လာပြီး ထမင်းစားလို ကြောင်းပြောသဖြင့် ၄င်းကိုယ်တိုင်စီမံပေးခဲ့ကာ အိပ်ရာဝင်ခဲ့ကြောင်း ၊ ထိုသို့အိပ်နေစဉ် ခြေထောက်ကို ဆွဲပြီး အမျိုးမျိုး ရန်ရှာပြောဆိုနေသဖြင့် သစ်သားရိုးတပ် ဓါးဦးချွန်ဖြင့် ခင်ပွန်းဇေယျာလင်း၏ ယာဘက် ရင်အုံကို ထိုးခဲ့စဉ်လဲ ကျသေဆုံး သွားခဲ့ကြောင်း သိရသည်။
သွေးများပေကျံနေသည့် ဓါးကို ရေဆေးကာ မီးဖိုခန်း အတွင်းပြန်ထားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ချက်များအရ ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် စတီးဓါးကိုသိမ်း ဆည်းကာ အမှုဖြင့်ဆက်လက် အရေးယူထားကြောင်း သိရသည်။















