ဆရာဝန်အမျိုးသမီးကို လုယက်ခဲ့သူ ယာဉ်မောင်းနှင့်အပေါင်းပါကို ဖမ်းဆီး

ဆရာဝန်အမျိုးသမီးကို လုယက်ခဲ့သူ ယာဉ်မောင်းနှင့်အပေါင်းပါကို ဖမ်းဆီး

တောင်ဥက္ကလာပမြို့နယ်တွင် ဆရာဝန်အမျိုးသမီးတစ်ဦးကို လုယက်မှုကျူးလွန်သူ ယာဉ် မောင်းနှင့်အပေါင်းပါတို့အား ရဲတပ်ဖွဲ့ကကျိုက်ထိုမြို့နယ်တွင် ဇူလိုင် ၃၁ ရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဆရာဝန်အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က လုယက်မှုကျူးလွန်ခဲ့သည့် သတင်းနှင့်ပတ်သက်၍ လူအများ ကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ 
အဆိုပါလုယူခံရသူ အမျိုးသမီးမှာ ဗဟိုအမျိုးသမီးဆေးရုံမှ အသက် ၃၈ နှစ်အရွယ် သားဖွားမီးယပ် အထူးကုဆရာဝန်ဖြစ်ပြီး ဇူလိုင်၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနှင့်စာဂလမ်းအနီးကားငှားရန်စောင့် ဆိုင်းနေစဉ် နံပါတ် အနက် တပ်ဆင်ထားသည့် ယာဉ်မောင်းက ကားငှားမလားဟုမေးမြန်းခဲ့သဖြင့် ဗဟိုအမျိုးသမီးဆေးရုံသို့ ကျပ် ၃၅၀ဝ ဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။ ထိုသို့လိုက်ပါလာစဉ် ယာဉ်မောင်းက ကားကို တောင်ဥက္ကလာပမြို့နယ် (၃) ရပ်ကွက် အတွင်း မောင်း နှင်သွားခဲ့သဖြင့် ဆရာဝန်အမျိုးသမီးက ဘာဖြစ်တာလဲဟုမေးမြန်းခဲ့ရာ အိမ်တွင်ပစ္စည်းကျန်ခဲ့ သဖြင့် ဝင်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ငွေကြာယံဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်းအရောက် ကားကိုရပ်ကာ ကားနောက်ခန်းသို့ကူးလာခဲ့ပြီး လည်ပင်းညစ်ခဲ့ကြောင်း ၊ ဟွန်းတစ်ချက်တီးခဲ့ပြီး တံခါးတွန်းဖွင့်စဉ် အမျိုးသမီးတစ်ဦး ယာဉ်နောက်ခန်း သို့ရောက်လာပြီး မျက်လုံးကိုပိတ်ခဲ့ကြောင်း ယာဉ်မောင်းက အလူမီနီယံချောင်းဖြင့် ရိုက်သဖြင့် ဦးခေါင်းဘယ်ဘက်ပါး၊နဖူးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း ၊ တိုင်ကြားသူ ဝတ်ဆင်ထားသည့် လော့ကတ်ပါရွှေဆွဲကြိုး၊ စိန်နားကပ် တစ်ရံ၊ လက်ကိုင်ဖုန်းတစ်လုံး၊ ခေါက်ထီးတစ်လက် ငွေ ၅၅၀ဝ၀ တို့ကိုလုယူကာ ကားပေါ်မှဆင်းခိုင်းခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ တောင်ဥက္ကလာပမြို့မရဲစခန်းက(ပ)၈၁၈/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄/၁၁၄ တို့အရ အမှုဖွင့် လှစ်ခဲ့ပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်ထွန်းလင်းနှင့်ပူးပေါင်းအဖွဲ့ဝင်များက အမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ကားမှာ တာမွေမြို့နယ်နေ အမျိုး သားတစ်ဦးပိုင်ဆိုင်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ သူရကိုကိုသိန်းကို တစ်လလျှင် ကျပ် ၄ သိန်းဖြင့် မတ်လ ၁၅ ရက်နေ့တွင် ငှားရမ်းခဲ့ကြောင်း ၊ အဆိုပါကားကို ဇူလိုင် ၂၁ ရက်နေ့တွင် ပြန် လည်အပ်နှံလိုကြောင်း ပြောသဖြင့်လက်ခံခဲ့ကြောင်း ၊ ထိုသို့လက်ခံစဉ် ကားတွင် စတေကာများကပ်ထား ပြီး ကားရှေ့လေကာမှန်လည်းကွဲနေခဲ့ကြောင်း၊ လေကာမှန်လဲပေးရန် ပြောရာ သူရကိုကိုသိန်း က ပိုက်ဆံမရှိကြောင်းပြောသဖြင့် အမြင်အတိုင်းလက်ခံခဲ့ပြီး ကားမှန်လဲရန် ကားမှန်ဆိုင်သို့ပို့ ဆောင်ထားကြောင်း ယာဉ်ပိုင်ရှင်၏ ဇနီးဖြစ်သူ ပြောပြချက်အရသိရသည်။ အမှုဖြင့်မသင်္ကာသူ သူရကိုကိုသိန်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ဇူလိုင် ၂၂ ရက်နေ့တွင် နေထိုင်ရာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိနေအိမ်သို့ ညနေ ၆ နာရီ အချိန်ခန့်တွင် ၄င်း၏ ရည်းစားဖြစ်သူ ဇာဇာလင်းစိုးနှင့်အတူရောက်လာပြီး အဝတ်အစားများယူကာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။ ဇာဇာလင်းစိုးနှင့်ပတ်သက်၍ စုံစမ်းရာ ဇူလိုင် ၂၄ ရက်နေ့တွင် ၄င်းတို့၂ ဦး နေအိမ်မှ ထွက်သွားခဲ့ကြောင်းသက်ဆိုင်ရာ၏ စုံစမ်းချက်အရသိရသည်။ 
အမှုဖြင့်တိမ်းရှောင်နေသူ သူရကိုကိုသိန်း(ခ)အငယ်ကောင်(၃၄ နှစ်)နှင့်ဇာဇာလင်းစိုး(၂၃ နှစ်)တို့ ၂ ဦးကို သက်ဆိုင်ရာက ဇူလိုင် ၃၁ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ထံမှ အမှုတွင်ပါရှိခဲ့သည့် လက်ကိုင်ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။