မြဝတီမြို့ရှိနေအိမ်တစ်အိမ်အတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သည်ဆိုသူကို ရဲတပ်ဖွဲ့က သြဂုတ် ၁ ရက်က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
ဇူလိုင် ၂၉ ရက်၊ ညအချိန်ခန့်တွင် မြဝတီမြို့ ၃ ရပ်ကွက်ရှိ နေအိမ်တစ်ခုမှ ရွှေဆွဲကြိုး ၂ ကုံးနှင့် နားကပ် တစ်ရံ စုစုပေါင်းကျပ် ၁၇ သိန်းဖိုးခန့် ခိုးယူခံရကြောင်းဆိုကာ သက်ဆိုင်ရာသို့ လာရောက် တိုင်ကြားခဲ့သည်။ မြဝတီမြို့မရဲစခန်းက(ပ)၆၆၅/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့်ခဲ့သည်။
အမှုနှင့် ပတ်သက်၍ စုံစမ်းချက်အရ အခင်းဖြစ်ရပ်ကွက် ကုက္ကိုလ်(၅)လမ်းနေ ရွှေလမင်း(ခ) ကရင်လေး (၂၂)နှစ် ကို သစ္စာမဂ္ဂင်ဘုန်းကြီးကျောင်းရှေ့လမ်းမပေါ်တွင် အမှုဖြင့်မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းကို စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်ကို ဝင်ထွက်သွားလာနေသူဖြစ်ပြီး အဆိုပါ နေအိမ်မှ ရွှေထည်ပစ္စည်းများကိုခိုးယူခဲ့ပြီး ၃ ရပ်ကွက်အတွင်းရှိ ရွှေဆိုင် ၂ ဆိုင်တွင် ရောင်းချခဲ့ ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းခိုးယူရောင်းချခဲ့သည့် ရွှေထည်ပစ္စည်းများကို ရောင်းချထားသည့် ရွှေဆိုင်များမှ သိမ်းဆည်းကာ အမှုဖြင့်ဆက်လက် အရေးယူထားသည်။

















