လယ်ဝေးမြို့နယ်တွင်တဲအတွင်း အိပ်နေသည့်မိန်းကလေးငယ်ကို ပွေ့ချီကာ သားမယား ပြုကျင့် သတ်ဖြတ်ခဲ့ သည်ဆိုသူကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၅ ရက်က သစ်ပုတ်ပင်နယ်မြေရဲစခန်းမှသိရသည်။
ဇူလိုင် ၃၀ ရက် ည ၇ နာရီအချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ ပင်ငါး မြှောင်ကျေးရွာနေ အမျိုးသမီးသည် ရွာထဲရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် နေအိမ်မှ ထွက် ခွာ သွားပြီး ည၁ ၁ နာရီအချိန်ခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ထိုစဉ် အိမ်တွင်ကျန်ရစ်ခဲ့သည့် သမီးဖြစ်သူကိုမတွေ့သဖြင့် မောင်တော်စပ်သူနေအိမ် တွင် သွားရောက်အိပ်နေသည်ဟုထင်၍ လိုက်မရှာတော့ဘဲ အိပ်ရာဝင်ခဲ့သည်။
နောက်တစ်နေ့နံနက်တွင် သမီးဖြစ်သူမှာ နေအိမ်သို့ပြန်ရောက်မလာသဖြင့် မောင်ဖြစ်သူ၏ နေအိမ် နှင့်ပတ်ဝန်းကျင်သို့စုံစမ်းခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်သို့လိုက်လံရှာဖွေရာ နေအိမ်အနောက်ဘက်ကိုက် ၁၅၀ အကွာရှိ ဝါးရုံပင် အောက်တွင် သမီးဖြစ်သူ ကို လည်ပင်းညိုမဲဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို တွေ့ရှိ သဖြင့် အရေးယူ ပေးရန်တိုင်ကြားခဲ့သည်။ သစ်ပုတ်ပင်နယ်မြေရဲစခန်း(ပ)၃၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုကို စုံစမ်းခဲ့သည်။
အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းစုံစမ်းရေးအဖွဲ့က စုံစမ်း ခဲ့ရာ အမှုဖြင့်မသင်္ကာသူ အုတ်ဖိုရွာဘက်သို့သွားသည့် လမ်းဘေး တောင်ကုန်းအောက်ရှိ တဲတွင် တစ်ဦးတည်းနေထိုင်သည့် မောင်နိုင် ဆိုသူအား ဖမ်းဆီးချုပ်မိန့်တောင်းခံစစ်ဆေးခဲ့သည်။
စုံစမ်းချက်များအရ ၄င်းမှာ အလောင်းတွေ့ရှိသည့် နေရာသို့ ရွာသားများနှင့်အတူ သွားရောက် ကြည့်ရှုကာ ဝိုင်းဝန်း ကူညီ လုပ်ဆောင်ပေးခဲ့ပြီးဟန်မပျက်နေထိုင်ခဲ့နေထိုင်ခဲ့ကြောင်း ငြင်းကွယ်ထွက်ဆိုခဲ့သော်လည်း အမှုစစ် အဖွဲ့၏ အသေးစိတ်စစ်ဆေးချက်များအရ ဇူလိုင် ၃၀ ရက် ည ၉ နာရီခန့်တွင် အရက်မူးပြီး ၎င်း၏ တဲသို့ပြန်လာစဉ် တိုင်တန်းသူအမျိုးသမီး၏နေအိမ်သို့ဝင်ရောက်ခဲ့ကြောင်း၊ နေအိမ်တဲအတွင်းအိပ်နေသည့် ကလေး(၃) ဦးအနက်မှ မိန်းကလေးငယ် တွေ့ရှိ၍ အိပ်နေရာမှပွေ့ချီပြီး နေအိမ် အနောက်ဘက် ကိုက် ၁၅၀ ကျော် ခန့်အကွာ ကုန်းစောင်း မြေကွက်လပ် သို့ ခေါ်ဆောင်ပြီးပါးစပ်ပိတ်ကာ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ထိုသို့ပြုမူပြီးချိန်၌ မိန်းကလေးငယ် မှာ အသက်မသေသေးဘဲဆန့်ငင် ဆန့်ငင် ဖြစ်နေသည်ကို တွေ့ရှိရ၍ မထူးတော့ဘူးဟု တွေးကာ လည်ပင်းညှစ်သတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သက်ဆိုင်ရာက မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးပုဒ်မ၃၀၂ မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ / ၃၀၂သို့ပြောင်းလဲစစ်ဆေးကာ ဆက်လက်အရေးထားကြောင်းသိရသည်။

















