မိတ္ထီလာမြို့နယ် မိတ္တီလာ(မြောက်)ကန်ပတ်လမ်းတွင် လက်ခုပ်တီးလူမှားခေါ်ယူသည့်ကိစ္စ စကားများရန်ဖြစ်စဉ် ကင်ဒိုဓားနှင့်ထိုးသဖြင့် တစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၄ ရက်က အမှတ် (၂) နယ်မြေရဲစခန်းမှ သိရသည်။
မိတ္ထီလာမြို့နယ် လျှော်ဖြူကန်ရွာနေ ဦးဖိုးချိုသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ ဇော်ဝင်းနိုင်မှာ မိတ္ထီလာ (မြောက်)ကန် ဓမ္မသုခရွှေစည်းခုံဘုရားအနီး ကန်ပတ်လမ်းတွင် ဓားထိုးခံရပြီး ပြည်သူ့ဆေးရုံသို့ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
သားဖြစ်သူမှာ သေဆုံးနေသည်ကိုတွေ့ရသဖြင့် စုံစမ်းရာ ဇော်ဝင်းနိုင်၊ သူရကို ကို၊ ကျော်ကျော်မင်းဦး၊ ကျော်မင်းထက်(ခ)မှတ်ကြီး၊ ကိုပိုင် တို့မှာမိတ္ထီလာ(မြောက်)ကန်ပတ်လမ်းတွင် ထိုင်စကားပြောနေစဉ် ကိုပိုင်က အရှေ့ဘက်မှ လာနေသောလူငယ် ၄ ဦးကို လက်ခုပ်တီးပြီး လှမ်းခေါ်ခဲ့ကြောင်း သိရသည်။
၄င်းလူငယ် ၄ ဦးတို့ အနီးသို့ရောက်လာပြီး ဘာလို့လက်ခုပ်တီးခေါ်တာလဲဟုပြောဆိုစကား များခဲ့ကြသည်။ ထိုသို့စကားများစဉ် အဆိုပါလူငယ် ၄ ဦးအနက် ဓားကိုင်ထားသည့် လူငယ်က သူရကိုကို ကို ခြေနှင့်ကန်သဖြင့် မျက်နှာသွေးထွက်ဒဏ်ရာရရှိခဲ့သည်။
ဇော်ဝင်းနိုင်က လူမှားနေပြီဟု ပြောစဉ် ဓားကိုင်ထားသော လူငယ်က ဓားနှင့်ဆက် လက်ထိုး သဖြင့် ဇော်ဝင်းနိုင်၏ ဝဲရင်ဘတ်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိပြီး သီဟဇော်၌ ဝဲပုခုံးပြတ်ရှဒဏ်ရာရကာ ဆေးရုံသို့ရောက်ရှိခဲ့ကြောင်း သားဖြစ်သူ၏ သူငယ်ချင်း သူရကိုကို ၏ ပြောပြချက်အရသိရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် သားဖြစ်သူကို သေဆုံးအောင်ပြုလုပ်၍ ၄င်း၏ သူငယ်ချင်းများကို ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သူ ၄ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ မိတ္တ္ထီလာအမှတ်(၂)နယ်မြေရဲစခန်းက(ပ)၂၆၉/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရ အမှုဖွင့် အရေးယူခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၄ ဦးနှင့် ပတ်သက်၍ မြို့မရဲစခန်းမှူးဒုရဲမှူးကျော်ထင် ၊ နယ်မြေ စခန်းမှူးရဲအုပ်ဇော်ဝင်းနှင့်အဖွဲ့က ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ မိတ္ထီလာမြို့အောင်ဇေယျာရပ်ကွက် နေ ယောမင်းဦး(ခ)ပူစီ(၁၆)နှစ်၊ထက်လင်းထွေး(ခ)ထွန်းနေလင်း(၁၆)နှစ်၊အောင်ကျော်ထူး(ခ)ကျော်ထူး(၂၀)နှစ်၊ အောင်ခန့်မော်(၁၈)နှစ်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
၄င်းတို့ ၄ ဦး အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွားလက်မ ၂၀ ခန့်ဓားအိမ်ပါ ကင်ဒိုဓားတစ်ချောင်းကို အမှုဖြင့်သိမ်းဆည်းခဲ့ပြီး ဆက်လက် အရေးယူထားကြောင်း ရဲစခန်းမှ သိရသည်။

















