ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်သဖြင့် ကင်တာယာဉ်ငယ်တိမ်းမှောက်ခဲ့မှု သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၅/၃-၄)တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် လှိုင်သာယာမြို့နယ်၊ ဒိုင်စုရပ်ကွက်နေ ယာဉ်မောင်း သန်းထိုက်အောင် (၂၄)နှစ် မောင်းနှင်လာသော ကင်တာ အဖြူရောင်ယာဉ်ဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၃)ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ၏စစ်ဆေးချက်များအရ အဆိုပါတိမ်းမှောက်ယာဉ်မှာ လမ်းအသုံးပြုခွင့် ကတ်ပါရှိခြင်း မရှိဘဲ ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်သူ ယာဉ်မောင်းကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ သာဂရအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၁၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၇၉ နှင့် သာဂရ အမြန်လမ်း မကြီး ရဲစခန်းက(ပ)၂၀/၁၈၊ အမြန်လမ်းမကြီးများဥပဒေပုဒ်မ ၁၈တို့အရ အမှုဖွင့်အရေးယူထားသည်။

















