ပျဉ်းမနားမြို့နယ်တွင် ဆိုင်ကယ်လိုက်လံရောင်းချနေသူ ၂ ဦးကို မသင်္ကာသဖြင့်ခေါ်ယူစစ်ဆေးခဲ့ရာမှ ဆိုင်ကယ် ၅ စီးခိုးယူမှုဖြစ်စဉ် သြဂုတ် ၄ ရက်က ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၃ ရက် ည ၈ နာရီ အချိန်ခန့်တွင် ပျဉ်းမနားမြို့၊ တောင်သာရပ်ကွက်အတွင်း ဆိုင်ကယ် ၁ စီးလိုက်လံရောင်းချနေသည့် မသင်္ကာဖွယ်တွေ့ရသူ ၂ ဦးကို သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သန်းကျော်ဌေးနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ပျဉ်းမနားမြို့၊ တောင်သာအုပ်စု၊ အုတ်ကျင်းရပ်၊ အုတ်ကျင်း ဓမ္မာရုံအနီးလမ်းမပေါ်တွင် တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးခဲ့သည်။
မသင်္ကာဖွယ်ဆိုင်ကယ်နှင့်အတူ တွေ့ရှိသူနှစ်ဦးမှာ ပျဉ်းမနားမြို့နေ ကိုနိုင်(၁၈)နှစ် နှင့် လရောင်(၂၀)နှစ်၊ တိ်ု့ဖြစ်ကြောင်း သိရပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ မေးမြန်းရာ အထောက် အထားတစ်စုံတစ်ရာပြသပြောဆိုနိုင်ခြင်းမရှိသဖြင့် ၄င်းတို့(၂)ဦးကို ပျဉ်းမနားမြို့မ ရဲစခန်းက(ပ) ၅၀၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀/၅၄ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။ ၄င်းတို့နှစ်ဦးကို စုံစမ်းမေးမြန်းချက်များအရ လွန်ခဲ့သည့်(၅)ရက်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ ဧရာဝတီလမ်းမဘေး၊ ကျောက်မျက်ဥယျာဉ် ကပ်လျက် ရေမြောင်းဘေးမှ ဆိုင်ကယ် (၁)စီး၊ သပြေကုန်းအနီးဝန်ထမ်းအိမ်ရာတိုက်မှ KENBO CZI 125 နီ/နက် ဆိုင်ကယ် (၁)စီး၊ ဥတ္တရသီရိမြို့နယ်၊ အမျိုးသားစာကြည့်တိုက် အရှေ့ဘက်ရေကန်အနီးမှ LUOJIA 110 အနက်ရောင်ဆိုင်ကယ် (၁)စီး၊ မိတ္ထီလာသို့ သွားရောက်စဉ် ရမည်းသင်းမြို့အဝင် ရန်ကုန်- မန္တလေး လမ်းဟောင်းဘေး၌ သော့တန်းလန်းဖြင့်ရပ်ထားသော SKY NEC Wave 110 ခဲရောင်ဆိုင်ကယ်(၁)စီးနှင့် ရွှေကြာပင်ရပ်ကွက်၊ ရေပေးဝေရေးသဲစစ်ကန်အနီးမှ SOMI 125 ဝါ/နက်ရောင် ဆိုင်ကယ်(၁)စီး တို့ကို ခိုးယူခဲ့ကြောင်း အဆိုပါခိုးယူမှုများကို လွန်ခဲ့သော တစ်လအတွင်းက ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ ခိုးယူရောင်းချခဲ့သည့် ဆိုင်ကယ်များကို သိမ်းဆည်းခဲ့ပြီး အမှုအသီးသီးဖွင့်လှစ် အရေးယူထားသည်။

















