ကေတီဗီခန်းအတွင်း စွန့်ပစ်ခဲ့သည့် ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင်
ကျောက်မဲမြို့တွင် ကေတီဗီခန်းအတွင်း စွန့်ပစ်ခဲ့သည့် ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှု ယနေ့ သြဂုတ် ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အမှတ် (၇)ရပ်ကွက် တွင်ဖွင့်လှစ်ထားသည့် 7 Day KTV ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
'' အခန်းတွင်း ဧည့်သည်စွန်ပစ်ခဲ့တဲ့ ဆေးလိပ်မီးကတစ်ဆင့် ဆိုဖာခုံတွေကို မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ အထဲက ပစ္စည်းတွေတော့ မီးလောင်သွားတယ်။ လူတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူး'' ဟု ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောသည်။
နံနက် ၅ နာရီအချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့သည့် အဆိုပါမီးလောင်မှုသည် နံနက် ၆ နာရီတွင် မီးငြိမ်းသွားခဲ့သည်။အခန်းတာဝန်ကျသူ (၂၄ နှစ်)အရွယ်အမျိုးသားကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ကျောက်မဲမြို့မရဲစခန်းက (ပ)၃၂၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။


















