သရက်ထောင်တွင် ခိုးမှုဖြင့် ထောင်ကျနေသည့်အကျဉ်းသားက အကျဉ်းဦးစီး ရဲတပ်ကြပ်ကို ဓားဖြင့်ထိုးသတ်

သရက်ထောင်တွင် ခိုးမှုဖြင့် ထောင်ကျနေသည့်အကျဉ်းသားက အကျဉ်းဦးစီး ရဲတပ်ကြပ်ကို ဓားဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး သရက်အကျဉ်းထောင်တွင် ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားက ထောင်ဝန်ထမ်း ရဲတပ်ကြပ်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုမှုဩဂုတ် ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း သရက်မြို့နယ်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

" သရက်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်း တပ်ကြပ်ကြီးကို အကျဉ်းသားက စည်ပတ်သံပြားနဲ့လုပ်ထားတဲ့ ကြက်သွန်လှီးဓားနဲ့ထိုးခဲ့တာပါ။ ဒဏ်ရာရ တဲ့ဝန်ထမ်းကို ဆေးရုံပို့တဲ့ အချိန်မှာ သေဆုံးခဲ့တာပါ"ဟု ၄င်းက ပြောသည်။

အဆိုပါနေ့ နံနက် ၈နာရီ အချိန်ခန့်တွင်  ယင်းအကျဉ်းထောင်၌ ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ဝဏ္ဍဖြိုး (အသက်၂၀ နှစ်)သည် အိပ်ဆောင်အမှတ်၁သို့ ကူးရန်လာရောက်စဉ် မိန်းဂျေးတာဝန်ကျ တပ်ကြပ်ကြီးက အဆောင်မကူးရန်ကျောပုတ်ပြောဆိုခဲ့သည်။

ထိုသိုပြောဆိုသည်ကိုမကျေနပ်သဖြင့်အငြိုးထားကာ နံနက် ၁ဝနာရီဝန်းကျင်ခန့်တွင် တပ်ကြပ်ကြီးလှအောင်က အမှတ်၁အဆောင်အပေါ်ထပ်မှ ဆင်းလာစဉ် လှေခါးထိပ်မှနေ၍ ကြက်သွန်လှီးရန် ပြုလုပ်ထားသည့် ၅ လက်မခန့်ရှိ စည်ပတ်သံပြားဓါးဦးချွန် ဖြင့် လည်ပင်းကို တစ်ချက်ထိုးသွင်းခဲ့ကြောင်းသိရသည်။

" တရားခံက  အောင်လံတရားရုံးမှာ ပုဒ်မ၃၈ဝရဲအက်၃၆/၃၇၉/၃၇၉/ ၃၇၉/ရဲအက်၃၆ အမှုပေါင်း၆မှုနဲ့တရားစွဲဆိုခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၆နှစ်နဲ့ ၆လ ချမှတ်ခံထားရတယ်။  ပြစ်ဒဏ်၃နှစ်နဲ့၁၁လ ပြစ်ဒဏ်ပေးဆပ်ဖို့ ကျန်သေးတယ်" ဟု သက်ဆိုင်ရာက တာဝန်ရှိသူတစ်ဦးကပြောသည်။

သရက်မြို့မရဲစခန်းက (ပ) ၂၇၃/၂၀၁၈ ရာဇတ်သတ်ကြီးပုဒ်မ၃၀၂ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။