မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ဂိုထောင်တစ်ခုအတွင်း ရောင်းချရန်ထားရှိသည့် ကျပ်သိန်း သုံးရာ့လေးဆယ်ကျော်တန်ဖိုးရှိ ဆိုင်ကယ် ၂၉ စီးကို အရောင်းဝန်ထမ်း ၂ ဦးနှင့်အပေါင်းပါတို့က အလွဲသုံးစားလုပ်ကာ ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခဲ့သဖြင့် နယ်မြေရဲစခန်းက သြဂုတ် ၄ ရက်တွင် ဖော်ထုတ်အရေးယူခဲ့သည်။
သြဂုတ် ၁ ရက် နံနက်၁၁ နာရီ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ကိုကျော်သီဟက ဂိုထောင်များအတွင်း ရောင်းချရန် သိုလှောင်ထားသည့် TVS DAZZ - 110 Auto ဆိုင်ကယ် ( ၂၉)စီးပျောက်ဆုံး နေသည်ကို သိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ အမှတ် (၇) နယ်မြေရဲစခန်းမှ ဒုရဲအုပ်မင်းမင်းလတ်နှင့် အဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ၄င်းဆိုင်ကယ်များကို မြင်းခြံမြို့နယ် တောင်ပုံကျေးရွာနေ အောင်ကိုဦး၏ နေအိမ်အတွင်း ရောက်ရှိနေသဖြင့် ဆက်လက်စုံစမ်းခဲ့သည်။
အဆိုပါဆိုင်ကယ် ၂၉ စီး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ဆိုင်ကယ်အရောင်းဝန်ထမ်းဖြစ်သူ ရဲနောင်နှင့် ကိုမြင့်လွင် တို့နှစ်ဦးက လာရောက်ထားရှိခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် ၄င်းတို့ ၂ ဦးကို သြဂုတ် ၄ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒုရဲအုပ်မင်းမင်းလတ်က ပြောသည်။
ပျောက်ဆုံးဆိုင်ကယ်များကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းကာ အောင်ကိုဦး၊ရဲနောင်နှင့်မြင့်လွင်တို့ ၃ ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့ရာ မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းက (ပ)၄၃၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၈/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

















