ကျပ်သိန်း ၂၅၀ဝ ကျော်ဖိုး ဘိန်းဖြူနှင့် မူးယစ်ဆေးပြားများဖမ်းမိ

ကျပ်သိန်း ၂၅၀ဝ ကျော်ဖိုး ဘိန်းဖြူနှင့် မူးယစ်ဆေးပြားများဖမ်းမိ

ကချင်ပြည်နယ်တွင် ကျပ်သိန်း ၂၅၀ဝ ကျော်ဖိုး ဘိန်းဖြူမှုန့်နှင့် မူးယစ်ဆေးပြားများကို သက်ဆိုင်ရာက သြဂုတ် ၅ ရက်တွင် သိမ်းဆည်းရမိခဲ့သည်။ 
 

အဆိုပါနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ဟိုပင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆုဝေ နှင့်အဖွဲ့သည် ဟိုပင်-အင်းတော်ကြီးသွား ကားလမ်းရှိ ရာဘာခြံအနီးတွင် မူးယစ်သတင်းအရ ဟိုပင်ဘက်မှ မြဇေယျာ ရပ်ကွက်၊ချောင်းသာယာရပ်နေ ထိန်လင်းအောင်(၃၃)နှစ် မောင်းနှင်လာပြီး ဇနီးဖြစ်သူ မအိအိခိုင် (၂၆)နှစ် စီးနင်းလိုက်ပါလာသည့် LIGHT အမျိုးအစား သုံးဘီးဆိုင်ကယ်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ သုံးဘီးယာဉ်ပေါ်တွင် ပါရှိသည့် ကျောပိုးအိတ်အတွင်းမှ တစ်ခွက်လျှင် ၁၀ ဂရမ်ခန့်စီပါ ဘိန်းဖြူအမှုန့် ထည့်ထားသည့် ဆပ်ပြာခွက် ၂၂ ခွက်ကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ မြဇေယျာရပ်ကွက်ရှိ ၎င်းတို့နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူအမှုန့်ထည့်ထားသည့် ဆပ်ပြာခွက် ၂၂ ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် ၄၄၀ ဂရမ်နှင့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားစီပါ အထုတ်ပေါင်း ၃၃၀ မှ ဆေးပြား ၆၂၇၀ဝ ပြား စုစုပေါင်းတန်ဖိုး ကျပ် ၂၁၈၉ သိန်းကို သိမ်းဆည်းရမိခဲ့သည်။ အမှုဖြင့်ဖမ်းဆီးထားသည့် ထိန်လင်းအောင်ကို ဆက်လက်စုံစမ်းချက်အရ ပင့်သာကျေးရွာနေ မိုးသူအောင် (၃၃)နှစ်၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့သည်။ ၄င်းနေအိမ်တွင် မအေးချို(၂၃)နှစ် ကိုတွေ့ရပြီး မူးယစ်ဆေးဝါးတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိသော်လည်း အိမ်အနောက်ဖက် ၄ အိမ်အကျော်ရှိ သော့ခတ်ထားသည့် မအေးချို ၏ ဖခင်ဖြစ်သူ နေအိမ်မှ ဆပ်ပြာခွက် ၁၈ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူအမှုန့် ၁၈၀ ဂရမ် နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၁၈၀ ပြား၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဆေးရည် နီညိုရောင် သုံည ဒသမ ၉ လီတာခန့်ပါ တစ်ဗူး စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေ ကျပ် ၃၅၃ သိန်းဖိုးခန့်ဆည်းရမိခဲ့သည်။ မအေးချို၏ဖခင်ဦးထွန်းရင်မှာမူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေသူဖြစ်ကြောင်းသိရပြီး ၄င်းတို့ ၄ ဦးကို သက်ဆိုင်ရာက မူးယစ်ပုဒ်မ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။