ပဲခူးမြို့နယ်တွင် ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက စစ်ဆေးရန် တားမြစ်စဉ် ဓားမြှောင်ဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရမှု သြဂုတ် ၅ ရက်က ဖြစ်ပွားခဲ့ကြောင်း အမှတ် ၃ ရဲစခန်းမှ သိရသည်။
အင်းတကော်မြို့နယ်ဇရပ်ကွင်း ကျေးရွာနေ ကိုဇင်ကိုနှင့်ပိုင်ဖြိုးသူတို့ ၂ ဦးက သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် သြဂုတ် ၃ ရက် ည ၉ နာရီ အချိန်တွင် ၄င်းတို့စီးနင်းလာသည့် ဘေးတွဲဆိုင်ကယ်ကို ရန်ကုန်-ပဲခူးကားလမ်းပေါ်တွင် အမျိုးသား ၃ ဦးက ဓားဖြင့်ထောက်ကာ လုယူသွားခဲ့ကြောင်း သိရသည်။ လုယူခံရမှုကို မိမိအစီအစဉ်ဖြင့်စုံစမ်းခဲ့ပြီးနောက် လုယူသူ ဟိန်းကိုလတ်(ခ)ခေါကြီး(၂၃နှစ်)ကို အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့သည်။ အမှတ်(၃)နယ်မြေရဲစခန်းက(ပ)၉၉၆/၁၈၊ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၆/၃၂၃/၅၀၆အရ အမှုဖွင့် စုံစမ်းခဲ့သည်။
သက်ဆိုင်ရာကလုယက်မှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ပြီး ပဲခူးမြို့ ဥဿာမြို့သစ်(၇)ရပ်ကွက်နေ ဟိန်းကိုလတ်(ခ)ခေါကြီး(၂၃နှစ်) ကို လာဂမို့တိုးဂိတ်အနီး ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးစစ်ဆေးစဉ် ဟိန်းကိုလတ်(ခ)ခေါကြီးက အသာတကြည်အစစ်ဆေးခံခြင်းမရှိဘဲ စစ်ဆေးသူရဲတပ်ဖွဲ့ဝင်များကိုဓားမြှောင်နှင့် ပြန်လည်ခုခံသဖြင့် ရဲဒုတပ်ကြပ်မင်းအောင်နှင့် ရဲဒုတပ်ကြပ် ရန်မျိုးဇော်တို့က ၁၂ဗို့ ပန့်အက်ရှင်သေနတ်ဖြင့် တစ်ချက်စီပစ်ခတ်ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် ဟိန်းကိုလတ်(ခ)ခေါကြီး၏ ယာပေါင်ရင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဦးခေါင်း နောက်စေ့ဝဲဘက်ခြမ်းပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့သည်။ ဒဏ်ရာရရှိသူကို ဆေးရုံသို့တင်ပို့ကုသရာ စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆေးရုံတက်ကုသရန်မလိုအပ် ကြောင်းအလှည့်ကျဆရာဝန်ကပြောသဖြင့်ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းက(ပ)၁၀၆၇/၁၈၊လက်နက်ဥပဒေပုဒ်မ-၁၉(င)နှင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

















