အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်း အပြီးသတ်ကစားသမားစာရင်းကို ထိုင်းကလပ်ပူးလ်လစ်တယ်ရိုနှင့်ခြေစမ်းပွဲအပြီးတွင် နည်းပြ အန်တွမ်နီဟေးလ်က ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်မည်
မြန်မာယူ-၂၃အသင်းသည် အာရှအားကစားပြိုင်ပွဲမယှဉ်ပြိုင်မီ ပြည်တွင်း၌ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သလို ထိုင်းနိုင်ငံသို့သွားရောက်၍ ပူးလ်လစ်တယ်ရို အသင်းနှင့် လေ့ကျင့်ခြေစမ်းမည်ဖြစ်သည်။ မြန်မာယူ-၂၃အသင်းသည် ထိုင်းနိုင်ငံသို့ သြဂုတ် ၈ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲ ပဏာမစာရင်းတွင် ရွေးချယ်ခဲ့သည့် ကစားသမား ၂၄ဦးအနက် ရဲကိုဦးကို ချန်ထားခဲ့ကာ ကစားသမား ၂၃ ဦးခေါ်ဆောင်သွားမည်ဖြစ်သည်။ ထို့နောက် ထိုင်းနိုင်ငံ၌ လေးရက်ကြာ နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး သြဂုတ် ၁၁ ရက်တွင် ပူးလ်လစ်တယ်ရိုနှင့် ခြေစမ်းပြီးနောက် အပြီးသတ် ကစားသမား ၂ဝဦးစာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။
အဆိုပါခြေစမ်းပွဲကို ပရိသတ်မပါဘဲ ကျင်းပရန် ကနဦးသတင်းများထွက်ပေါ်လာခဲ့သော်လည်း ထပ်မံသိရသော သတင်းများအရ ပရိသတ်များဝင်ရောက်ကြည့်ရူခွင့်ပြုရန် ထိုင်းကလပ်ဘက်မှ စီစဉ်နေကြောင်း သိရသည်။ ပူးလ်လစ်တယ်ရိုနှင့် ခြေစမ်းပွဲကို မြန်မာယူ-၂၃အသင်းဘက်မှ လေ့ကျင့်ရုံသက်သက်သာ သဘောထားယှဉ်ပြိုင်မည်ဖြစ်၍ အရံကစားသမားများဖြင့်သာ ယှဉ်ပြိုင်စေမည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှအားကစားပွဲတော်ကို သြဂုတ် ၁၈ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု(စ)ပွဲစဉ်များကို သြဂုတ် ၁၅ရက်မှ ၂ဝရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်သည်။














