မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ၂၀၁၈ ဗိုလ်လုပွဲတွဲဆိုင်းများထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲကို သြဂုတ်၁ဝရက် ည ၆နာရီခွဲတွင် မန္တလေးမြို့ရှိ ဒိုင်းမွန်းပလာဇာ ၅ လွှာ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲစဉ်များတွင် တွဲဆိုင်း ရဆိုင်းယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ၇၁ ကီလိုတန်း၌ သွေးသစ်ဝင်းလှိုင်နှင့် ရှမ်းကိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ သွေးသစ်ဝင်းလှိုင်သည် ဆီမီးဖိုင်နယ်တွင် မင်းထက်အောင်ကို အနိုင်ရခဲ့ပြီး ရှမ်းကိုသည် မင်းမောင်မောင်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာခဲ့သည်။
၆ရကီလိုတန်းတွင် ချိုင်းထူးနှင့် ကျားပေါက်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ချိုင်းထူးမှာ ဆီမီးဖိုင်နယ်၌ အောင်ဟိန်းကိုလည်းကောင်း၊ ကျားပေါက်မှာ စောမင်းအောင်ကိုလည်းကောင်း အနိုင်ယူခဲ့သည်။ ၆၃ ဒသမ ၅ကီလိုတန်းတွင်သပြေညိုနှင့် သွေးသစ်မောင်တို့ ဗိုလ်လုမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်၌ သပြေညိုမှာ ရာအူးဖလုံကို အနိုင်ယူခဲ့သလို သွေးသစ်မောင်မှာ အောင်မင်းထွန်းကို အနိုင်ယူခဲ့သည်။
၆ဝကီလိုတန်းတွင် ဆီမီးဖိုင်နယ်၌ စောလူပျိုကို အနိုင်ယူခဲ့သည့် ဆူးမိုက်နှင့် ထူးနေသူကို အနိုင်ယူခဲ့သည့် ယျှူးခလိန်းမင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ၅ရကီလိုတန်းတွင် ဂျိုကာကို အနိုင်ယူခဲ့သည့် နက္ခအောင်နှင့် စွမ်းထက်နိုင်ကို အနိုင်ယူခဲ့သည့် ကောင်းကောင်းတို့ ဗိုလ်လုကြမည်ဖြစ်သည်။ ၅၄ကီလိုတန်းတွင် ဝမ်းဝမ်းကို အနိုင်ရခဲ့သည့် ခန့်မောင်နှင့် ဂျစ်တူးကို အနိုင်ရခဲ့သည့် လင်းထက်အောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အမျိုးသမီးတွဲဆိုင်းအဖြစ် ၄၉ကီလိုတန်းတွင် စိန်တစ်ပွင့်ကို အနိုင်ယူခဲ့သည့် လင်းယုန်မေနှင့် မာရီနားကို အနိုင်ရခဲ့သည့် ရွှေကိုလေးတို့ ဗိုလ်လုကြမည်ဖြစ်သည်။














