၂၂ ဘီးနောက်တွဲယာဉ် လမ်းဘေးသံဘောင်များနှင့် ညဈေးတန်းကို ဝင်တိုက်

၂၂ ဘီးနောက်တွဲယာဉ် လမ်းဘေးသံဘောင်များနှင့် ညဈေးတန်းကို ဝင်တိုက်

ဆိပ်ကမ်းမြို့နယ် ကမ်းနားကွန်ကရစ်လမ်းပေါ်တွင် ၂၂ ဘီးနောက်တွဲယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသံ ဘောင်များနှင့်ညဈေးတန်းကို ဝင်တိုက်မိခဲ့ပြီးကျပ်သိန်း ၁၂၀ ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း ဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ သိရသည်။ 

သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ် ကမ်းနားကွန်ကရစ်လမ်း အတိုင်း ဗိုလ်တထောင်ဘက်မှ အလုံဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့်နစ်ဆန်းဒီဇယ် ၂၂ ဘီး နောက် တွဲ ယာဉ်ပါ ကွန်တင်နာအငှားယာဉ်သည် လမ်းမတော် ၁၄ လမ်းထိပ်အရောက် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်တွင်ကာရံထားသည့် သံဘောင်တန်းနှင့်အုတ်ရိုးကို တိုက်မိခဲ့သည်။ 
'' ယာဉ်တိုက်မှုကညောင်ပင်လေးဈေးရှေ့ ကွန်ကရစ်ကမ်းနားလမ်းသစ်ပေါ်မှာဖြစ်တာပါ။ သံဘောင်တန်းတွေကို တိုက်မိပြီးတော့ ယာဉ်ဦးခေါင်းကျော်ပြီး ညဈေးတန်းဆိုင်ခန်းနံပါတ် M-14နဲ့ M-28ကြားက ဆိုင်နဲ့ မြေထိန်း နံရံ ညဈေးတန်းလမ်းမီးတိုင်တွေကို ဝင်ပြီးတိုက်သွားတယ်။ ဝါးပေါင်းမိုးနဲ့ ဆောက်ထားတဲ့ ထမင်းကြော်နဲ့ လက်ဖက်ရည်ရောင်းဆိုင်တစ်ဆိုင်လည်း ပြိုကျ ပျက်စီးသွားခဲ့တယ်"ဟု လမ်းမတော်မြို့နယ်နေ ဦးခင်စန်းက ပြောသည်။ 
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်၊ လမ်းဘေးတွင် ကာရံထားသည့် သံဘောင်တန်း၊အုတ်ရိုး၊ အုတ်ရိုးဘေးကပ်လျက် မြေအောက်လျှပ်စစ်မီးကြိုး၊ လမ်းမီးတိုင်၊ ညဈေးရေပိုက်လိုင်းနှင့် ထမင်းဆိုင် အပါအဝင် ကျပ်သိန်း ၁၂၀ ဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာ၏ တွက်ချက်မှုအရ သိရသည်။ 
'' ယာဉ်မောင်းက ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း ထွက်ပြေးသွားတယ်။ ယာဉ်ပေါ်နောက်မှာ ထိုင်စီးလာတဲ့ ဝေယံဖြိုး (၁၉ နှစ်)ကတော့ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်" ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ယာဉ်(ပ)၁၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၂၇၉/၂၀၂ အရ ယာဉ်မောင်း(စုံစမ်းဆဲ) အပေါ်အရေးယူပေးရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်     အောင်ကျော်မိုးက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 
၂၀၁၆ ခုနှစ် သြဂုတ် ၂၃ ရက်ကလည်း အဆိုပါနေရာတွင်ကုန်သေတ္တာတင်ယာဉ်တိုက်သည့် အလားတူဖြစ်စဉ် ဖြစ်ပွားခဲ့သည်။