ဖြူးမြို့နယ် အမြန်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့မှု ယနေ့ သြဂုတ် ၉ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ဖြူးအမြန်လမ်းရဲစခန်းမှသိရသည်။
အဆိုပါနေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် ဖြူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၃/၃နှင့် ၄ အကြား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မှာ လမ်းအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ ကြောင်း သတင်းအရ ဖြူးအမြန်လမ်းရဲစခန်းမှူး ရဲအုပ် လှိုင်ဇော်ဦးနှင့်အဖွဲ့က သွားရောက်စစ် ဆေးခဲ့ သည်။
အဆိုပါနေရာတွင် လမ်းအလယ်နယ်နမိတ်သတ်မှတ်ကာရံထားသည့် အုတ်ရိုးနံရံ ကို ယာဉ်မောင်း ဦးတင်ရွှေ (စီစစ်ဆဲ)မောင်းနှင်သည့် SURF ယာဉ် က ဝင်ရောက်တိုက်မိထားပြီး ယာဉ်မှာ ထိုးကျတိမ်းမှောက်ခဲ့နေသည်ကိုတွေ့ရှိခဲ့သည်။
'' ယာဉ်မောင်းအပါဝင် ၂ ယောက် သေဆုံးခဲ့တာပါ။ အရှိန်လွန်တယ်လို့ပြောရအောင်လည်း လမ်းသားပေါ်မှာ ဘရိတ်အုပ်ဖမ်းထားတဲ့ အရာမရှိဘူး။ အိပ်ငိုက်ပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ကားပေါ် မှာပါတဲ့ ၃ ယောက်မှာ ယာဉ်မောင်းအပါဝင် ၂ ယောက်သေဆုံးသွားတယ်။ တစ်ယောက် တော့ ထိခိုက်ဒဏ်ရာရထားတယ်။ မိသာစုနဲ့ အခုမှ အဆက်အသွယ်ရလို့ သူတို့တွေ ဆေးရုံကို လိုက်သွားကြတယ်" ဟု ဖြူးအမြန်လမ်း ရဲစခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးကပြောသည်။
အဆိုပါယာဉ်မှာ ရန်ကုန်မှတောင်ငူမြို့သို့ထွက်ခွာလာစဉ် အဆိုပါနေရာအရောက် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က /၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။

















