ဝါယာကြိုးဖြင့်ရိုက်နှက်ခံရသည့်ဆိုသည့် အိမ်အကူ အမျိုးသမီး၏ဒဏ်ရာများကို ရန်ကုန်ဆေးရုံကြီးတွင် စစ်ဆေးလျက်ရှိ

ဝါယာကြိုးဖြင့်ရိုက်နှက်ခံရသည့်ဆိုသည့် အိမ်အကူ အမျိုးသမီး၏ဒဏ်ရာများကို ရန်ကုန်ဆေးရုံကြီးတွင် စစ်ဆေးလျက်ရှိ

ဝါယာကြိုးဖြင့်ရိုက်နှက်နှိပ်စက်ခံရသည့် အိမ်အကူ အမျိုးသမီး၏ဒဏ်ရာများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း ကျောက်တံတားမြို့နယ်မြို့မရဲစခန်းမှူး ဒုရဲမှူးတိုးမြို့က သြဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အိမ်အကူအဖြစ် လွန်ခဲ့သော တစ်လခန့်က လာရောက်လုပ်ကိုင်ခဲ့သူ ဒလမြို့နယ်မှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင် အမျိုးသားက ဝါယာကြိုးဟု ယူဆရသည့် အရာဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်အနှံ့ထိ ခိုက်ညိုမဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

"အိမ်ရှင်အမျိုးသားက တံမြတ်စည်းမလှည်းတတ်ဘူး။ ထမင်းဟင်းမချက်တတ်ဘူး၊ အဝတ်မလျှော်တတ်ဘူးဆိုပြီး ဝါယာကြိုးနဲ့ရိုက်တယ်" ဟု  အိမ်အကူအမျိုးသမီးက  သြဂုတ် ၉ ရက်တွင် နံနက်ပိုင်းတွင် ၃၆ လမ်း အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မီဒီယာများကိုပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးငယ်မှာ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် ၃၈ လမ်းဈေးသို့ ဈေးဝယ်လာစဉ် တစ်မြို့တည်းနေထိုင်သည့် ဈေးရောင်းချသူ အမျိုးသမီးနှင့် တွေ့ရှိမေးမြန်းခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှု ကွန် ရက်စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် သက်ဆိုင်ရာက အိမ်ရှင်အမျိုးသားကို အမှုဖွင့်စစ်ဆေးနိုင် ရန် အမျိုးသမီးငယ်ကို ရန်ကုန်ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မြို့မရဲစခန်းမှ သိရသည်။

"အိမ်အကူမိန်းကလေးကို ဆေးစစ်ဖို့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်။ အမှုကိစ္စကတော့ လောလောဆယ် စခန်းမှူးခွင့်ပြုချက်မရသေးလို့ ပြောလို့မရသေးပါဘူး။ စစ်ဆေးမှုပြီးရင်ပြောပေးသွားမယ်" ဟု ကျောက်တံတားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။