သော့တုများအသုံးပြု၍ ရပ်ထားသည့်ကားများအတွင်းမှ ပစ္စည်းများခိုးယူသူကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာက ခိုးမှု ၁၄ မှုပေါ်ပေါက်

သော့တုများအသုံးပြု၍ ရပ်ထားသည့်ကားများအတွင်းမှ ပစ္စည်းများခိုးယူသူကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာက ခိုးမှု ၁၄ မှုပေါ်ပေါက်

ယာဉ်ဖြင့်လှည့်လည်သွားလာကာ သော့တုများအသုံးပြု၍ ရပ်ထားသည့်ကားများအတွင်းမှ ပစ္စည်းများခိုးယူခဲ့သည် ဆိုသူကို သက်ဆိုင်ရာက သြဂုတ် ၁ ရက်တွင်ဖမ်းဆီးစစ်ဆေးရာက ခိုးမှု ၁၄ မှု ပေါ်ခဲ့သည်။

ဩဂုတ် ၁ ရက် နံနက် ၁၀း၃၀ နာရီအချိန်တွင် မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဥက္ကလာပလမ်း အရောက် ယာဉ်အမှတ် FF---- FIELDER အငှားယာဉ်သည် လှည့်လည်မောင်းနှင် သွားလာနေသည်ကို မသင်္ကာဖွယ် စိစစ်တွေ့ရှိရသဖြင့် အဆိုပါယာဉ်အား ရပ်တန့်စေပြီး ယာဉ်မောင်းဖြစ်သူ ရွှေပြည်သာမြို့နယ်နေ ရဲမောင်၊ (၄၅) နှစ်ကို ထိန်းသိမ်းရှာဖွေစစ်ဆေးခဲ့သည်။

၄င်းကို စစ်ဆေးချက်အရ အဆိုပါ အငှားယာဉ်ဖြင့် လှည့်လည်သွားလာကာ အသင့်ပါ လာသော သော့တုများအသုံးပြု ကာ ၂၀၁၈ ခုနှစ်၊ ဧပြီ၊ မေနှင့် ဇူလိုင်လများအတွင်းက မရမ်းကုန်းမြို့နယ် အတွင်း၌ ဥက္ကလာပလမ်းရှိ လက်ဘက်ရည်ဆိုင်အနီးရပ်ထားသော လိုက်ထရပ်ယာဉ် ၅ စီး၏ ခေါင်းခန်းအတွင်းမှ လက်တော့ပ်နှင့်လက်ကိုင်ဖုန်းများကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းခိုးယူခဲ့သည့် သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းကာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် အမှုများအသီးသီးရေးဖွင့် အရေးယူခဲ့သည်။

အဆိုပါ အမှုများမှ ပြစ်မှုကျူးလွန်သူ ရဲမောင်အား အနောက်ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့က ဆက်လက်စစ်ဆေးရာ ၎င်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ ဇွန်၊ ဇူလိုင်လများအတွင်းက မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပ လမ်းတွင်ရပ်ထားသည့် ယာဉ်များအတွင်း သော့တုဖြင့်ဖွင့်ကာ လက်ကိုငိဖုန်းအပါဝင် လက်တောပ့်မျိုးစုံကို ခိုးယူမှု ၉ မှု ထပ်မံပေါ်ပေါက်ခဲ့သည်။ ၄င်းခိုးယူခဲ့သည့် သက်သေခံပစ္စည်းများသက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အမှုများအသီးသီးရေးဖွင့်၍ အရေးယူဆောင်ရွက်ထား သည်။