အေးရွာ သမ္ဗန်ဆိပ်အနီးတွင်ဖြစ်ပွားခဲ့ လူသတ်မှု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ဖော်ထုတ်

အေးရွာ သမ္ဗန်ဆိပ်အနီးတွင်ဖြစ်ပွားခဲ့ လူသတ်မှု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ဖော်ထုတ်

ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊ သမ္ဗန်ဆိပ်အနီးတွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူကိုသက်ဆိုင်ရာက ဩဂုတ် ၉ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဩဂုတ် ၅ ရက် ည  ၈နာရီ ၄၅ နာရီအချိန်တွင်ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊ သမ္ဗန်ဆိပ်အနီးတွင် ဓားထိုးမှုဖြစ်ပွားကြောင်း  သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ဦးရန်အေးတွင် လည်ဂုတ်၊ ယာကျောကုန်း၊ ဝဲရင်ညွန့်၊ ယာနံဘေး၊ ဝဲလက်ကောက်ဝတ်၊ ဝဲလက်ဖျံတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်ကိုတွေ့ရှိရပြီး စုံစမ်းချက်အရ သေဆုံးသူက ကျော်ရဲဝင်း(ခ)ကျော်ကြီး လမ်းဘေးတွင်အပေါ့စွန့်သည့်ကိစ္စနှင့် ပတ်သက်၍  စကားများ ရန်ဖြစ်စဉ် ကျော်ရဲဝင်း(ခ) ကျော်ကြီးက ဓားဖြင့်ထိုးခဲ့ပြီး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

စက်ဆန်းနယ်မြေရဲစခန်းက (ပ) ၁၇၂/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်စုံစမ်းခဲ့ပြီး ဩဂုတ် ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ နာရီအချိန်တွင်  ပြစ်မှုကျူးလွန်ပြီးထွက်ပြေး တိမ်းရှောင်နေသူ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ရဲဝင်း(ခ) ကျော်ကြီး ကို ကြည့်မြင်တိုင်မြို့နယ်၊ အလတ် ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းပေါ်တွင် တွေ့ရှိဖမ်းဆီးခဲ့ပြီး အရေးယူဆောင်ရွက်ထားသည်။