လာမည့် ဒီဇင်ဘာတွင် ကျင်းပမည့် Grand Final in Yangon ပွဲ၌ မြန်မာပြည်အလွတ်တန်းချန်ပီယံ ကနေဒါနိုင်ငံသား ဒေဗ့်ကို ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက မကျေပွဲပြန်လည် စိန်ခေါ်ထိုးသတ်မည်ဖြစ်သည်။
အလဲထိုး
ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် မြန်မာပြည်အလွတ်တန်း ချန်ပီယံဖြစ်သူ ထွန်းထွန်းမင်းသည် ဒေဗ့်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒေဗ့်က အလဲထိုးအနိုင်ရခဲ့ပြီး မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ကို ခံယူခဲ့သည်။ ထိုကြောင့် ထွန်းထွန်းမင်းက Grand Final in Yangon ပွဲ၌ ချန်ပီယံဘွဲ့ ပြန်လည်ခံယူရန် ဒေဗ့်ကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
မကျေပွဲ
" ဂရင်းဖိုင်နယ်မှာ အဓိကမိန်းဖိုက်ကတော့ ဒေဗ့်နဲ့ ထွန်းထွန်းမင်းတို့ ပွဲကို စီစဉ်ထားပါတယ်။ ၂၀၁၆ခုနှစ်တုန်းက ထွန်းထွန်းမင်းကို ဒေဗ့်က အလဲထိုးပြီး မြန်မာပြည်ချန်ပီယံဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီပွဲက ထွန်းထွန်းမင်းအတွက် မကျေပွဲဖြစ်သလို မြန်မာပြည်ချန်ပီယံ ပြန်လုမယ့်ပွဲပါ" ဟု မြန်မာမီဒီယာဂရုပ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက ပြောဆိုခဲ့သည်။
ဝေးကွာခဲ့
ထွန်းထွန်းမင်းသည် ဒေဗ့်ကိုရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ကြိုးဝိုင်းနှင့် နှစ်နှစ်နီးပါကြာ ဝေးကွာခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၁၇ခုနှစ်တွင် WLC ပြိုင်ပွဲထိုးသတ်ခဲ့ပြီးနောက် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး ထိုးသတ်ခဲ့ပြီး တစ်နှစ်ခွဲကျော်ကြာ အနားယူခဲ့ရသည်။ ၎င်းသည် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့သည့် ရွှေခါးပတ်ချန်ပီယံလုပွဲကြီးတွင် အထူးစိန်ခေါ်ပွဲအဖြစ် ထိုင်းဖိုက်မှ ဆိုင်ရော့နှင့် ထိုးသတ်ခဲ့ရာ ပူးတွဲသရေကျထားခဲ့သည်။















