မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် အိမ်ထောင်ရေးကိစ္စစကားများရန်ဖြစ်ခဲ့ပြီးနောက် အိပ်နေသည့် ဇနီးကို ဓါးဖြင့်ထိုးသတ်ခဲ့တိမ်းရှောင်ခဲ့သည်ဆိုသူကို အခင်းဖြစ်နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံ ခွန်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး သိန်းလွင်က သြဂုတ် ၁၂ရက်ကပြောသည်။
သြဂုတ် ၁၀ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်တွင် အိပ်ပျော် နေသည့် ဇနီးဖြစ်၏ ဝမ်းဗိုက်ကို ခင်ပွန်းက ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်ဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ တောင်မြင့် ၂ ရပ်ကွက်နေ အမျိုးသမီးဖြစ်ပြီး ဝဲဘက်ဝမ်းဗိုက်ဘေးတွင် ထိုးသွင်း ဒဏ် ရာ ၁ ချက်ရရှိပြီး အူများထွက်ကာ သေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းချက်အရ အခင်းမဖြစ်ပွားမီ လင်မယားချင်းစကားများရန်ဖြစ်ခဲ့ပြီး နောက်သေဆုံးသူ အမျိုးသမီးမှာ သားငယ်ဖြစ် သူ နှင့် နေအိမ်စပါးကျီတဲနှင့်ကပ်လျက်အဖီတွင် အိပ် နေစဉ် ကိုတင်ရုံ(၄၀ နှစ်)က ဓါးနှင့်ထိုးကာ ထွက်ပြေး သွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
'' အရက်မူးပြီးလင်မယားနှစ်ယောက်အိမ်ထောင်ရေးကိစ္စစကားများရန်ကြတယ်။ မချစ်စု အိပ်နေတဲ့ အချိန်မှာ ကိုတင်ရုံ က ဓါးနဲ့ထိုးပြီးထွက်ပြေးသွားတယ်။ သူကို ဒီရပ်ကွက် အနီးအနားမှာဘဲ အခင်း ဖြစ်ပြီး သိပ်မကြာခင်မှာမိတယ်" ဟု ဒုရဲမှူးသိန်းလွင် ကပြောသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ အရက်သေစာသောက်စားလေ့ရှိသူဖြစ်ပြီး ကျန်းမာရေးမကောင်း သဖြင့် ဇနီးဖြစ်သူ မချစ်စုက စီးပွားရေးလုပ်ကိုင်ကာ ရှာဖွေကျွေးမွေးခဲ့ပြီး ဇနီးဖြစ်သူကို စိတ်မချသူဖြင့် အခြားသူများနှင့်သမုတ်လေ့ရှိသဖြင့် မကြာခဏ လင်မယားချင်းစကားများရန်ဖြစ်လေ့ရှိကြောင်း ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးကိုဦးကပြောသည်။
အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ တောင်မြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုဦးက အရေးယူ ပေးရန်တိုင်ကြားခဲ့ရာ ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၇၀၄/၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















