ပန်းတောင်းမြို့နယ်တွင် ဘုရားဖူးကင်တာယာဉ် ကုန်းအတက် နောက်ပြန်လိမ့်ကာ တိမ်းမှောက်ခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့မှု သြဂုတ် ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ပန်းတောင်းမြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ နံနက် ၉ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ပန်းတောင်းမြို့နယ် ပန်းတောင်း-ကံမ ကားလမ်း ရွာသာယာကျေးရွာအနီး "ဒီပါအေး" ဘုရားကုန်းတက်၌ အောင်ပြည့်စုံ(၂၈)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ထွန်းထွန်းဇော်(၂၉)နှစ်ပါ ၄၅ ဦးလိုက်ပါလာသည့် ကင်တာယာဉ်သည် နောက်ပြန်လိမ့်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
'' ကုန်းအတက် ကားရပ်ထားပေမယ့် ဂျမ်းတုံးခုထားတယ်။ ဘီးလိမ့်တဲ့အချိန်မှာ ဂျမ်းတုံးကို ကျော်ပြီး အရှိန်နဲ့ ကျော်သွားတယ်။ ကားမောင်းတဲ့သူက ဘရိတ်အုတ်ပေမယ့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ပြည်မြို့ကဆေးရုံကို ပို့ထားရတယ်" ဟု အဆိုပါ ဘုရားဖူးယာဉ်ဖြင့် လိုက်ပါလာသူ ကြို့ရပ်သာကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
ယာဉ်တိမ်း မှောက်မှုကြောင့် အောင်ပြည့်စုံပါ ခရီးသည် ၁၈ ဦးမှာ ဖူးရောင်ပေါက်ပြဲနာ ကျင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရပြီး ပန်းတောင်းမြို့မရဲစခန်းက ယာဉ်(ပ)၁၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















