မြန်မာယူ-၂၃အသင်း ပဏာမလူစာရင်းမှ အီစိုးနှင့် တေဇောလင်းကို ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်စေလွှတ်

မြန်မာယူ-၂၃အသင်း ပဏာမလူစာရင်းမှ အီစိုးနှင့် တေဇောလင်းကို ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်စေလွှတ်

အာရှအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃အသင်း ပဏာမလူစာရင်းမှ အီစိုးနှင့် တေဇောလင်းကို နည်းပြချုပ် အန်တွမ်နီဟေးလ်က ပြန်လည်စေလွှတ်ခဲ့ပြီး အပြီးသတ်ကစားသမားစာရင်းကို သြဂုတ် ၁၃ရက်မှသာ ထုတ်ပြန်နိုင်ဖွယ်ရှိနေသည်။

မြန်မာယူ-၂၃အသင်းနည်းပြချုပ် အန်တွမ်နီဟေးလ်သည် ပဏာမကစားသမား ၂၃ဦးစာရင်းထဲမှ အီစိုးနှင့် တေဇောလင်းတို့နှစ်ဦးကို ဒဏ်ရာအခြေအနေကြောင့် သြဂုတ်၁၂ရက်က ပြန်လည်စေလွှတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 

အာရှအားကစားပွဲတော်တွင် ကစားသမား ၂ဝဦးသာ စာရင်းသွင်းရမည်ဖြစ်၍ ကျန်ရှိသည့် ကစားသမားတစ်ဦးမှာ ဂိုးသမားသုံးဦးထဲမှ တစ်ဦးဖြစ်လိမ့်မည်ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

" အာရှအားကစားပွဲတော်ကို ကစားသမား ၂၁ဦးခေါ်ဆောင်သွားမှာပါ။ အပြီးသတ်ကစားသမားက ၂ဝဦးသတ်မှတ်ထားပေမယ့် ဂိုးသမားတစ်ဦးကိုအပိုခေါ်သွားမယ်လို့ သိရပါတယ်။ ဘယ်သူလဲဆိုတာကိုတော့ ဒီနေ့မှ သိရမှာပါ" ဟု ၎င်းက ပြောဆိုခဲ့သည်။ မြန်မာယူ-၂၃ ပဏာမ ကစားသမားစာရင်းတွင် ဂိုးသမားသုံးဦး ပါဝင်ခဲ့ပြီး ၎င်းတို့မှာ ၀ါရင့်ဂိုးသမားကျော်ဇင်ထက်၊ ဘုန်းသစ္စာမင်းနှင့်ဆန်းဆက်နိုင်တို့ ဖြစ်ကြသည်။

မြန်မာယူ-၂၃ပဏာမစာရင်းမှ ပြန်လည်စေလွှတ်ခံရသည့် အီစိုးနှင့် တေဇောလင်းတို့ကို နည်းပြချုပ်အန်တွမ်နီဟေးလ်က အာရှအားကစားပွဲတော်ထိ ခေါ်မသွားနိုင်ခဲ့သည့် အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ၊ဒဏ်ရာမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေကြောင်းနှင့် ကစားဖော်များ အာရှအားကစားပွဲတော်ယှဉ်ပြိုင်နေမှုကို အားပေးကြစေလိုကြောင်း ပြောဆိုခဲ့သည်။

မြန်မာယူ-၂၃အသင်းသည် သြဂုတ် ၁၂ရက် က ဗန်ကောက်မှတစ်ဆင့် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့သို့ ရောက်ရှိခဲ့ပြီဖြစ်ကာ မြန်မာအသင်းပါဝင်သည့် အုပ်စု(စ)ပွဲစဉ်များကို သြဂုတ် ၁၅ရက်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး