ဂျပန်နာမည်ကြီးကစားသမား ဟွန်ဒါကို ကမ္ဘောဒီးယားနည်းပြချုပ် ခန့်အပ် အပတ်စဉ်တိုင်း နည်းပြအဖွဲ့ကို ဗီဒီယိုကောလ်ခေါ်၍ သင်ကြားပြသမည်

ဂျပန်နာမည်ကြီးကစားသမား ဟွန်ဒါကို ကမ္ဘောဒီးယားနည်းပြချုပ် ခန့်အပ် အပတ်စဉ်တိုင်း နည်းပြအဖွဲ့ကို ဗီဒီယိုကောလ်ခေါ်၍ သင်ကြားပြသမည်

အာဆီယံဆူဇူးကီးဖလားအတွက် ပြင်ဆင်လျက်ရှိနေသည့် ကမ္ဘောဒီးယားအသင်းသည် ဂျပန်လက်ရွေးစင်နာမည်ကြီး ကစားသမားဟောင်း ကီဆူကီဟွန်ဒါကို အသင်းနည်းပြချုပ်အဖြစ် သြဂုတ်၁၂ရက်က အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်သည် ကီဆူကီဟွန်ဒါကို လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် သြဂုတ် ၁၁ရက်က ခန့်အပ်ရန် အတည်ပြုခဲ့ပြီး သြဂုတ်၁၂ရက်တွင် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။ ၎င်းသည် နည်းပြချုပ်အပြင် အသင်းထွေထွေမန်နေဂျာအဖြစ်ပါ ပူးတွဲတာဝန်ယူမည်ဖြစ်ပြီး ကမ္ဘောဒီးယားလက်ရွေးစင်အသင်းကို အပတ်စဉ်တိုင်း ဗီဒီယိုကောလ် ခေါ်၍ ညွှန်ကြားသင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

" ဟွန်ဒါက အသင်းကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီပေးသွားမှာပါ။ သူရဲ့အတွေ့အကြုံတွေက ကမ္ဘောဒီးယားလက်ရွေးစင်ကစားသမားတွေနဲ့ အသင်းရဲ့ရလဒ်တွေကို အရင်ကထက် ပိုပြီးကောင်းလာအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုခါက ပြောဆိုခဲ့သည်။

စာချုပ်ချုပ်ဆိုပြီးနောက် ဟွန်ဒါက ကမ္ဘောဒီးယားအသင်းကို ကမ္ဘာပေါ်တွင် ယခုထက်ပိုပြီး ကျော်ကြားလာအောင် ကျွန်တော်ကူညီပေးသွားမှာပါဟု ပြောဆိုခဲ့သည်။ ကီဆူကီဟွန်ဒါသည် ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်နှင့် ရင်နှီးသည့် ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် ဖနွမ်းပင်မြို့၌ ဘောလုံးအကယ်ဒမီတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ဖူးသည်။

ဟွန်ဒါသည် ဂျပန်လက်ရွေးစင်ကစားသမားအဖြစ် ၂၀၀၈ခုနှစ်တွင် ရွေးချယ်ခံရပြီး အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၀၊၂၀၁၄နှင့် ၂၀၁၈ခုနှစ် သုံးကြိမ်ဆက် ပါဝင်ကစားခဲ့သည်။ ၎င်းသည် လက်ရွေးစင်အသင်းအတွက် ၉၈ပွဲကစားခဲ့ပြီး ၃ရဂိုးသွင်းယူခဲ့ကာ ၂၀၁၈ရုရှားကမ္ဘာ့ဖလားအပြီး၌ လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သည်။ ၎င်းသည် နာမည်ကြီးကလပ်များဖြစ်သည့် စီအက်စ်ကေအေ မော်စကို၊အေစီမီလန်အသင်းတို့၌ ခြေစွမ်းပြကစားခဲ့ပြီး ၂၀၁၈ခုနှစ်တွင် မဲလ်ဘုန်းကလပ်သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၁၈ ဆူဇူးကီးပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်းသည် အုပ်စု(က)တွင် မြန်မာအသင်းနှင့်အတူ ကျရောက်လျက်ရှိပြီး ပြိုင်ပွဲစည်းမျဉ်းသစ်အရ ကမ္ဘောဒီးယားအသင်းသည် မြန်မာအသင်းနှင့်ပွဲစဉ်ကို ရန်ကုန်မြို့သို့ လာရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး