နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မသင်္ကာဖွယ်လူငယ်တစ်ဦးကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ အသက် ၁၇ နှစ်အရွယ် လူငယ်၃ဦးက လက်ကိုင်ဖုန်း ၅ လုံးနှင့် ဆိုင်ကယ် ၂ စီးလိုက်လံခိုးယူထားမှု သြဂုတ် ၁၁ ရက်က ပေါ်ပေါက်ခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့၊ ဇဝနဒီပ ရပ်ကွက် အင်ကြင်း လမ်းထိပ်နှင့် သံလွင်လမ်းမကြီးထောင့်တွင် ချည်လွယ်အိတ် အနီရောင်အသေး ၁ လုံးလွယ်၍ လမ်းလျှောက်လာသူ ဖုန်းသီဟနိုင်(၁၇နှစ်)ကို သက်ဆိုင်ရာက မသင်္ကာ၍ စစ်ဆေးမေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းရာ ၄င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ မြန်မာငွေစက္ကူ ၂၀၅၀ဝ၀ ကျပ်နှင့် ပတ်သက်၍၄င်းပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိဘဲ အဆိုပါ ငွေများအား နေအိမ်အဆောက်အဦတစ်ခုခုအတွင်းမှခိုးယူလာသည်ဟုယူဆရသဖြင့် ကျည်တောင်ကန်နယ်မြေရဲစခန်းက(ပ) ၈၁/၁၈ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
၄င်းကိုဆက်လက်စစ်ဆေးချက်အရ လွန်ခဲ့သော (၃)လခန့်က တစ်ရပ်ကွက်ထဲနေ အေးချမ်းအောင်(၁၇နှစ်)၊ ပိုင်မင်းဇော်(၁၇နှစ်)တို့နှင့်အတူ(နံပါတ်မပါ) ဆိုင်ကယ် ၂ စီး၊ လက်ကိုင်ဖုန်း ၅ လုံးတို့ ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ၄င်းတိုို့ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး ခိုးယူခဲ့သည့်ပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားကြောင်း သိရသည်။

















