ဆိုင်ကယ်စီးလာသူ ၂ ဦးကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက ပစ်ခတ်ထွက်ပြေး တစ်ဦးဖမ်းမိ

ဆိုင်ကယ်စီးလာသူ ၂ ဦးကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက ပစ်ခတ်ထွက်ပြေး တစ်ဦးဖမ်းမိ

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသူ ၂ ဦးကို   ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့မှု သြဂုတ် ၁၃ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၁ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၅၅လမ်း၊ မနော်ဟရီလမ်းနှင့် မြတ်လေး လမ်းကြားတွင် ဆိုင်ကယ်စီးလာသူ  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီးသေနတ်သမား ၂ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ ၂  ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ၅၃လမ်း တွင် သေနတ်ကိုင်ဆောင်သူ အမျိုးသားတစ်ဦးကို ကျည် ၁၂ တောင့် ပါပစ်စတိုတစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

"ကောင်မလေးက သေနတ်ဒဏ်ရာနဲ့ ဆေးရုံကို ပို့နေတုန်း ကားပေါ်မှာတင် သေဆုံးသွားတယ်။ ကောင်လေးက ရင်ဘတ်နဲ့နောက်ကျောမှာ သေနတ်ဒဏ်ရာ  တစ်ချက်စီရထားတယ်။ ကောင်လေးက သေနတ်မှန်ထားတော့ သွေးရူးသွေးတန်းနဲ့ထပြေးနေတယ်။ မနည်းထိန်းရတယ်။ သေနတ်သမား တစ်ယောက်ကိုတော့ ရပ်ကွက်ကလူတွေဝိုင်းဖမ်းလို့မိတယ်" ဟု ချမ်းမြသီတာလူမှုကူညီရေးအသင်းမှ ကိုချစ်ဦးအောင်က ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်သူကို ချမ်းမြသာစည်မြို့နယ်ရဲစခန်းက  အမှုဖွင့်အရေးယူထားပြီး တိမ်းရှောင်သူ ကို စစ်ဆေးရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။