သိန်း ၁၀ဝ အလုခံရသည်ဆိုပြီး လိမ်လည်တိုင်ကြားသူ အရေးယူခံရ

သိန်း ၁၀ဝ အလုခံရသည်ဆိုပြီး လိမ်လည်တိုင်ကြားသူ အရေးယူခံရ

ပျဉ်းမနားမြို့နယ်တွင် ငွေကျပ်သိန်း ၁၀ဝ ကို လူ ၂ ဦးက လုယူခဲ့သည်ဟုဆိုကာ လိမ်လည်တိုင်ကြားခဲ့သူ အမျိုးသမီးကို သက်ဆိုင်ရာက သြဂုတ် ၁၁ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ သိရသည်။

လိမ်လည်တိုင်တန်းမှုဖြစ်စဉ်မှာ သြဂုတ် ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့နယ်၊ ကြို့ပင်(အနောက်)ကျေးရွာနေ ဒေါ်------- ၄၇ နှစ်သည် နေအိမ် အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် နေအိမ်ဧည့်ခန်းအတွင်းမှ လူသံများကြားရ၍ ထကြည့်ခဲ့သည်။ 
ထိုသို့ထကြည့်ရာ ဧည့်ခန်း ဘေးဗီဒိုအနီးတွင် လူ(၂)ဦးကို တွေ့မြင်ရသဖြင့် အော်ဟစ်ရန်ပြုလုပ်စဉ် လူတစ်ဦးက ၎င်းထံပြေးလာပြီး ပါးစပ်ပိတ်ကာ လက်သီးဖြင့်ထိုးကြိတ်၍ အင်္ကျီဖြင့်ပါးစပ်ကို ပိတ်ခြင်း၊ လက်နှစ်ဖက်ကိုနောက်ပြန်တုတ်ခြင်း ခြေထောက်နှစ်ဖက်ကို တုတ်ချည်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း ဆိုသည်။ ထိုစဉ် ကျန်(၁)ဦးက ဗီဒိုအောက်ထပ်ရှိ အဝတ်အစားများကြားတွင် ထားရှိသည့် ငွေကျပ်သိန်း ၁၀ဝ နှင့် ဗီဒိုအပေါ်ထပ်လက်စွဲအိတ်အတွင်းမှ ရွှေဆွဲကြိုး ၂ ကုံး တို့ကိုယူဆောင်သွားခဲ့သောကြောင့် ၄င်းတို့ ၂ ဦးကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့မရဲစခန်းက(ပ)၅၁၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
'' လုယူခံရတဲ့ အမျိုးသမီးရဲ့အိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်သွားပြီးစစ်ဆေးတယ်။ လုယူခံရတဲ့ လက္ခဏာမတွေ့ရှိခဲ့ဘူး။ ပတ်ဝန်းကျင်စုံစမ်းချက်တွေအရ တိုင်ကြားသူ အမျိုးသမီးက လောင်းကစားပြုလုပ်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့မကြာခဏစကားများကြတယ်။ ပျဉ်းမနားမြို့ထဲက ရွှေဆိုင်တွေမှာ ရွှေထည်ပစ္စည်းတွေပေါင်နှံထားတယ် " ဟု ပျဉ်းမနားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 
သက်ဆိုင်ရာက အမှုဖွင့်တိုင်ကြားသူ ဒေါ်-------ကို စစ်ဆေးခဲ့ရာ ထွက်ဆိုချက်များ ကွာခြားနေသဖြင့်ထပ်မံမေးမြန်းခဲ့ရာ ခင်ပွန်းဖြစ်သူက ကားဝယ်ရန် အပ်နှံထားသည့် ငွေကျပ်သိန်း (၁၀ဝ)နှင့်ရွှေထည်ပစ္စည်း ပေါင်နှံရရှိငွေကျပ်သိန်း ၃၀ ကျော်တို့ကို အလောင်းအစားပြုလုပ်၍ ဆုံးရှုုံးသွားခြင်းဖြစ်ကြောင်း၊ခင်ပွန်းဖြစ်သူ ပြန်လာချိန်တွင် ကားဝယ်ရန် ငွေတောင်းခံလာပါက ပေးရန်မရှိသဖြင့်ကြံရာမရ၍ ပျဉ်းမနားရဲစခန်းသို့ သွားရောက်လိမ်လည်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ 
စစ်ဆေးပေါ်ပေါက်ချက်များနှင့်ပတ်သက်၍ မမှန်သတင်းပေးတိုင်တန်းခဲ့သည့် တရားလို ဒေါ်-------ကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။