မြေးကိုရိုက်သည့်သားမက်ကို တားသည့်ယောက္ခထီး ဓားထိုးခံရပြီးသေဆုံး

မြေးကိုရိုက်သည့်သားမက်ကို တားသည့်ယောက္ခထီး ဓားထိုးခံရပြီးသေဆုံး

နတ္တလင်းမြို့နယ်တွင် မြေးကိုရိုက်နှက်နေသည့် သားမက်ကို တားမြစ်စဉ် ယောက္ခထီးဓား ထိုးခံရသဖြင့် သေဆုံးခဲ့မှုကို တောင်ညိုရဲကင်းစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ သြဂုတ် ၁၁ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် သာယာဝတီခရိုင် နတ္တလင်းမြို့နယ် ဖိုးမောင်စန်း တောင်ယာနေ ဒေါ်ညိုညိုထံသို့ တစ်ရွာတည်းနေ မထွေးထွေးဝင်းက မျှစ်လာပို့သဖြင့် စက်လှေဆိပ်တွင် ရှိနေခဲ့သည်။
ထိုသို့ စက်လှေဆိပ်တွင် ရှိနေခဲ့ပြီး ဖခင်ဖြစ်သူဦးတင်အောင်(၆၆)နှစ်မှာ ခရီးသွားရန်အတွက် လှေဆိပ်သို့ ရောက်လာခဲ့သည်။ ထိုစဉ်အစ်မဖြစ်သူ မနွဲ့လေး၊၄င်း၏ခင်ပွန်းစိုးနိုင်နှင့်သားဖြစ်သူအောင်ဇော်ဇော်(၁၂)နှစ်တို့ ထပ်မံရောက်ရှိလာခဲ့ပြီး လင်မယားနှစ်ယောက် စက်လှေဆိပ်လမ်းမပေါ်တွင် စကားများရန်ဖြစ်ခဲ့သည်။ 
ထိုသို့ဖြစ်နေစဉ် စိုးနိုင်က ၄င်း၏သား အောင်ဇော်ဇော်ကို ရိုက်နှက်နေသည်ကို ဖခင် ဦးတင်အောင်က ဝင်ရောက်တားမြစ်စဉ် စကားများခဲ့ပြီး စိုးနိုင်က လည်ပင်းကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့သည်။ 
ဦးတင်အောင်တွင်လည်ပင်းထိုးသွင်းဒဏ်ရာရရှိကာ နေရာတွင် လဲကျခဲ့ပြီး ဝင်ရောက်ဖျန်ဖြေသူ မထွေးထွေးဝင်း လက်ဝဲလက်မောင်းနှင့် လက်ဝဲလက်သန်းတို့တွင်ဒဏ်ရာများရရှိခဲ့သည်။ ဖခင်ဖြစ်သူကိုဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ တောင်ညိုရဲကင်းစခန်းကိုတိုင်ကြားရာ (ပ)၄၈/၁၈ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄ အရ အမှုဖွင့်အရေးယူခဲ့ပြီး အမှုဖြင့်တိမ်းရှောင်နေသူစိုးနိုင်(၃၆နှစ်)ကို စစ်ဆေးနိုင်ရန်အတွက် စခန်းမှူးရဲအုပ်ကျော်မင်းသန်းနှင့် အဖွဲ့က စုံစမ်းလျက်ရှိသည်။