ဟိန္ဒူမယ်တော်ကြီးကျောင်း ဘုရားလှည့်လည်ပွဲမှ ပြန်လာသည့် ညီဖြစ်သူဓားထိုးခံရမှုနှင့် ပတ်သက်၍ ရန်ငြိုးထားကာ ဓားနှင့်ခုတ်၊တုတ်ဖြင့်ရိုက်ခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက သြဂုတ် ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါနေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ စိုးလှိုင်ဝင်းသည် ရတနာမာန်အောင်ရပ်ကွက်တွင်ကျင်းပသည့် ဟိန္ဒူမယ်တော်ကြီးလှည့်လည်ပွဲမှနေအိမ်သို့ပြန်လာခဲ့သည်။
ထိုစဉ် ဖိုးခွား(ခ)ကျော်ဇင်ထက် ၊ စတန် (ခ)တည်ကြည်ဦး၊ အောင်ခန့် တို့က ဓားဖြင့်ခုတ်တုတ် နှင့်ရိုက်နှက်သောကြောင့် စိုးလှိုင်ဝင်းတွင်ဦးခေါင်းပြတ်ရှ ယာလက်ဖဝါးပေါက်ပြဲဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ မိတ္တ္ထီလာမြို့မရဲစခန်းက(ပ)၃၄၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆/၃၂၃/ ၂၉၄/ ၁၁၄ အရ အမှုဖွင့်ကာ ရဲအုပ်လှမြင့်ဦးနှင့်အဖွဲ့က စုံစမ်းခဲ့ပြီး အမှုတွင်ပါဝင်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။
စုံစမ်းချက်အရ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် ည ၉ နာရီခွဲအချိန်ခန့်က ထီးသုံးဆင့်ဘုရားဝင်းအတွင်းရှိ ပွဲဈေးတန်းမှ ပြန်လာသည့် စတန်(ခ)တည်ကြည်ဦး ၏ ညီဖြစ်သူ ဂျာပွတ် ဓားထိုးခံရသည့် ကိစ္စနှင့် ပတ်သက်၍ စိုးလှိုင်ဝင်းပါဝင်သည်ဟု ယူဆကာ ၄င်းတို့ ၃ ဦးက ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

















