မန္တလေးမြို့တွင် ဆိုင်ကယ်စီးသေနတ်သမားက လုယက်မှုကျူးလွန်စဉ် သေနတ်ဖြင့်ပစ် ခတ် ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သြဂုတ် ၁၄ ရက်က သတင်းထုတ်ပြန် ထားသည်။
သြဂုတ် ၁၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ လမ်းသွယ်(၁)ရပ်ကွက် ၅၅×၅၆ လမ်းကြားတွင် ဆိုင်ကယ်စီးနင်းသူ ဇနီးမောင်နှံ ၂ ဦးကို ဆိုင်ကယ်စီး သေနတ်သမားက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်ခဲ့ပြီးနောက် ဆိုင်ကယ်မောင်းနှင်သူ ဦးလီဆွမ်(ခ) ဇော်လင်း (၄၀)နှစ်တွင်သေနတ်ဒဏ်ရာ ၂ချက်ရရှိခဲ့ကာ ဇနီးဖြစ်သူ မဟော်လောက်ဖိန် (၄၀)နှစ်မှာ နဖူး ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး နေရာတွင် သေဆုံးခဲ့သည်။
သေနတ်ဖြင့်ပစ်ခတ်သူ ပုသိမ်ကြီးမြို့နယ်နေ မောင်မျိုး(ခ)ခွန်ကောလား(၃၅)နှစ် ကို တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးသက်ဆိုင်ရာသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။
၄င်းကို စစ်ဆေးချက်များအရ လင်မယားနှစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်ကာ လက်ကိုင်အိတ်ကိုလုယူခဲ့ခြင်းဖြစ်ကြောင်း ၊ အမျိုးသားက ပြန်လည်လုယူစဉ် သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာက အခင်းဖြစ်စဉ်မှ ကျူးလွန်ခဲ့သည့်ဆိုင်ကယ်၊ ပွိုင့် ၃၂ ပစ္စတို ၁ လက်၊ ၎င်းကျည် ၂၂ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျည်ခွံ ၁ ခု တို့ကို သိမ်းဆည်းခဲ့ပြီး အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၅၈၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ အရ အမှုဖွင့်အရေးယူခဲ့ကာ သေနတ်ကိုင်ဆောင်အသုံးပြုမှုနှင့်ပတ်သက်၍ ရဲစခန်းက(ပ)၅၈၁/၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ အသီးသီး အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















