မလေးရှားတွင် ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိသည့်အမှုမှ တရားလိုကို စစ်ဆေး

မလေးရှားတွင် ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိသည့်အမှုမှ တရားလိုကို စစ်ဆေး

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများတင်ပို့မှုဖြင့် မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်၊ဇေယျာဟိန်းတို့ သုံးဦးကို သြဂုတ် ၁၄ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးတွင် ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အဆိုပါနေ့ ရုံးချိန်းတွင် တရားလို မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးခင်မောင်သိန်းကို ဖမ်းဆီးမှုများနှင့်ပတ်သက်၍ အချိန် ၂ နာရီခန့် မေးမြန်းခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ဖမ်းမိသည့် အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည်ဆိုမှုနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့သူ ၃ ဦး၏ အမှုမှ မူးယစ်တပ်ဖွဲ့ တရားလို ဒုရဲမှူးကို လာမည့် သြဂုတ် ၂၈ ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုရင်ဆိုင်နေရ သူ ၃ ဦး၏ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က ပြောသည်။ 
" ဒီနေ့ရုံးချိန်းမှာ တရားလိုဒုရဲမှူးခင်မောင်သိန်းက သက်သေခံ (က) နဲ့ပတ်သက်ပြီးအဓိကထွက်ဆို သွားတယ်။ နောက်ရုံးချိန်းမှာ သက်သေခံ(ဃ)တင်ထားတဲ့ မလေးရှားနိုင်ငံက ပို့ထားတဲ့ အီးမေးလ်ကို မြန်မာရုံးသုံးဘာသာစကားနဲ့ ဘာသာပြန်ဖို့ အတွက် တရားရုံးကို လျှောက်ထားတယ်။ တရားရုံးက ခွင့်ပြုပေးခဲ့တာကြောင့် နောက်တစ်ပတ်ရုံးချိန်းမှာ တရားလိုကို ထပ်ပြီးစစ်ဆေးသွားမှာပါ " ဟု ရှေ့နေ ဦးသန်းအောင် က ပြောသည်။ 
ယခုနှစ် မေ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သင်္ဘောဖြင့်တင်ပို့ခဲ့သည့် လက်ဖက်ခြောက်ထုပ်များနှင့်ရောနှောသယ်ဆောင်လာစဉ် အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး ၄င်းအမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသား ၃ ဦးကို ဖမ်းဆီးထားကြောင်း မေ ၂၈ ရက်နေ့တွင် မလေးရှားအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံသို့ လက်ဖက်ခြောက်ထုပ်များ နှင့်ရောနှောတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့က မောင်မောင်(ခ) HJ Yassin ၊ မင်းနိုင်နှင့် ဇေယျာဟိန်းတို့ကို ဖမ်းဆီးခဲ့ကာ အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။ 
အဆိုပါအမှုဖြင့် တိမ်းရှောင်နေသူ ချင်ကျားမူ(ခ) မကျားဝေ (ခ) နှင်းဦးလွင် နှင့် အကိုကြီး (ခ) ကတုံး နှင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန်တို့မှာ အမှုဖြင့် လွတ်မြောက်နေဆဲဖြစ်သည်။ အမှုဖြင့် ဖမ်းဆီးထားသူ မောင်မောင် (ခ) HJ Yassin ထံမှ ခန့်မှန်းကျပ် သိန်းပေါင်း ခုနစ်သောင်းကျော်၊ ထားဝယ်ကြီး(ခ) အောင်လွင်ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်းထံမှ ခန့်မှန်းကျပ်သိန်းပေါင်းလေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ် သိန်းပေါင်းငါးရာခန့်နှင့် တိမ်းရှောင်နေသူ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်ပိုင်ဆိုင် သည့် ခန့် မှန်း ကျပ်သိန်းပေါင်းရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက် ဟူစိန် ပိုင်ဆိုင် သည့် ခန့်မှန်း ကျပ် သိန်း ပေါင်း ငါးထောင်ကျော်တို့ကို သက်ဆိုင်ရာက ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အမှုဖွင့်အရေးယူခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် သက်သေ ၆၉ ဦးကို စစ်ဆေးပေးရန် တရားရုံးသို့ တင်ပြ ထားသည်။ ထို့ပြင် ဆက်စပ်၍ မောင်မောင်(ခ)Hj Yassin ၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးများကို အကျိုးအမြတ်နှင့်စပ်လျဉ်း၍ အရေးယူခြင်းမရှိစေရန် ဖုံးကွယ်ဖျောက်ဖျက်ပေးခဲ့သူ တာမွေမြို့နယ်နေ ညီညီနိုင်(ခ) မွတ်နားခမ်း(၄၉ နှစ်)၊ မဝင်းမာထွန်း(ခ)ဂျမီလာ(၄၅ နှစ်)၊မဖြူမာကျော်(ခ)ဘသဒွန်းနီဆာ(၄၅ နှစ်)နှင့် ဝေယံကျော်(ခ)ယူစွတ်(၂၄ နှစ်)တို့ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(ဂ)/၂၁ အရ အမှုဖွင့်ကာ တရားရုံးသို့ စွဲဆိုတင်ပို့ရန် သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိသည်။