ဓားပြခြောက်လှန့်ကာ ဆိုင်ကယ်လုယက်သူ ၃ ဦးကို စစ်ဆေးရာမှ အခြားလုယက်မှုများပေါ်ပေါက်

ဓားပြခြောက်လှန့်ကာ ဆိုင်ကယ်လုယက်သူ ၃ ဦးကို စစ်ဆေးရာမှ အခြားလုယက်မှုများပေါ်ပေါက်

မြောက်ဥက္ကလာပမြို့နယ်တွင် ဓားပြခြောက်လှန့်ကာ ဆိုင်ကယ်လုယက်ခဲ့သူ ၃ ဦးကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးစစ်ဆေးခဲ့ရာမှ အခြားလုယက်မှုများပေါ် ပေါက်ခဲ့ကြောင်း သိရသည်။

အမှုတွင် ပါဝင်သူ ၃ ဦးကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သြဂုတ် ၁၅ ရက်က သတင်းထုတ်ပြန်သည်။ 
သြဂုတ် ၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၀)ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် ညီဖြစ်သူနှင့်အတူ Bashan 125 အနက်ရောင်ဆိုင်ကယ်ဖြင့် ဆေးဝယ်ရန် ထွက် လာစဉ် မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သုနန္ဒာ(၄)လမ်းထိပ်အရောက် အမျိုးသား၃ဦး က အရှည်(၁)ပေကျော်ခန့်ရှိဓားအားပြသပြီးဆိုင်ကယ်ကိုခြောက်လှန့်တောင်းယူခဲ့သည်။ တိုင်ကြားသူအမျိုးသားက ရန်ရှာမည်ကိုစိုးသဖြင့် ဆိုင်ကယ်ကိုပေးအပ်ခဲ့ကာ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သောကြောင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၁၀၆၄/၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
အဆိုပါအမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက မြောက်ဥက္ကလာပမြို့နယ်၊(စ)ရပ်ကွက်နှင့် (ဆ)ရပ်ကွက်နေသူများဖြစ်သည့် ဥဿဟန် (ခ)ပြူးကြီး၊ နေမင်းသူ (ခ)ပေါက်ကြီးနှင့်အာကာ တို့ကို အမှုဖြင့် သြဂုတ် ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ဥဿဟန် (ခ)ပြူးကြီးကို စုံစမ်းချက်အရ ပြစ်မှုကျူးလွန်စဉ် မင်းသီဟ(ခ)အသေးလေး၊ စိုးတင့်(ခ)သားကြီးနှင့် ညိုဝင်းမောင်(ခ)ဘေကြီး တို့ပါဝင်ကြောင်း သိရသဖြင့် ၄င်းတို့ကို သြဂုတ် ၁၃ ရက်နေ့တွင် ဆက်လက်ဖမ်းဆီးခဲ့သည်။ 
၄င်းတို့ ၆ ဦးကို ဆက်လက်စစ်ဆေးချက်အရ တိုင်ကြားထားသည့် အမှုအပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၈ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လအတွင်းက သာကေတ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပမြို့နယ်များအတွင်း ဆိုင်ကယ် ၅ စီးနှင့် လက်ကိုင်ဖုန်း ၆ လုံးကို လုယက်မှုများ ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းတို့ လုယူခဲ့သည်ဆိုသည့်ပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။