ကတ္တီပါဖိနပ်များအတွင်း အံဝှက်ပြုလုပ်၍ စိတ်ကြွဆေးပြားများ မလေးရှားသို့ သယ်ယူရန် ဆောင်ရွက်သူ ၃ ဦးကို ဖမ်းမိ

ကတ္တီပါဖိနပ်များအတွင်း အံဝှက်ပြုလုပ်၍ စိတ်ကြွဆေးပြားများ မလေးရှားသို့ သယ်ယူရန် ဆောင်ရွက်သူ ၃ ဦးကို ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမျိုးသမီးစီး ကတ္တီပါဖိနပ်များအတွင်း အံဝှက်ပြုလုပ်၍ စိတ်ကြွဆေးပြားများ မလေးရှားနိုင်ငံသို့ သယ်ယူရန် ဆောင်ရွက်ခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သြဂုတ် ၁၅ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရသည်။ 

သြဂုတ် ၁၄ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်လေဆိပ် မူးယစ်တပ်ဖွဲ့စု(၄၅)မှ တပ်ဖွဲ့ဝင်များသည် ပြည်ပထွက်ခွာဆောင် Terminal - 1 Inline Reject X-Ray စက်တွင် မလေးရှား လေကြောင်းလိုင်းဖြင့်လိုက်ပါမည့် ခရီးသည် အောင်မျိုးမင်း(ခ)ငမင်း(၃၀ နှစ်) ၏ ပါဆယ်ထုတ်ကို X-Ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးခဲ့သည်။ 
အဆိုပါ ပါဆယ်ထုတ်ကို မသင်္ကာသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ မိန်းမစီးကတ္တီပါဖိနပ် ၄၀ ရံနှင့် ပါတိတ် ၂၀ ထည်တို့ကို တွေ့ရှိခဲ့သည်။ ၄င်းဖိနပ်များထဲမှ ဖိနပ် ၁၁ ရံ အတွင်းအံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀ဝ ပြားသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ပစ္စည်းများထည့်ပေးခဲ့သည့် မမြမြဝင်း(၅၂ နှစ်)ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ခင်မာလာ(ခ)မော်လီ(၄၁ နှစ်)မှတစ်ဆင့် ဆက်သွယ်၍ မလေးရှားနိုင်ငံသို့ သွားရောက်မည့် ခရီးသည် အောင်မျိုးမင်း(ခ)ငမင်းနှင့် ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 
၄င်းတို့ကို လေဆိပ်ရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။