ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခင်နှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များ၊ ယင်းနှင့်ဆက်နွယ်သည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များကို ၁၂ လအတွင်း နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလိုက ဩဂုတ် ၁၆ ရက်တွင် မီဒီယာများကို ပြောကြားသည်။
"ကော်မရှင်ဟာ အစိုးရအဖွဲ့ဝင်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ တပ်မတော်ပိုင်းဆိုင်ရာကလူတွေ၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး ရရှိလာတဲ့အချက်အလက်တွေအပေါ်မှာ လေ့လာသုံးသပ်ပြီး နိုင်ငံတော်သမ္မတကို ၁၂ လအတွင်း အစီရင်ခံစာတင်သွားမှာပါ" ဟု ကော်မရှင်ဥက္ကဋ္ဌကပြောသည်။
နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက် ရက်စွဲဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ယင်းကော်မရှင်သည် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၁၄ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးနှင့် မြန်မာအစိုးရ၏ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ၄င်းကပြောသည်။
အဆိုပါကော်မရှင်တွင် ဖိလစ်ပိုင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလိုက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်း၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးဟောင်း သံအမတ်ကြီးကင်ဇိုအိုရှိးမား နှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ဖွဲ့စည်းထားသည်။
"ဒီလိုစုံစမ်းစစ်ဆေးတဲ့အခါမှာ ကျွန်မတို့အနေနဲ့ ဘယ်သူ့ကိုမှအပြစ်တင်ပြောဆိုသွားမှာ မဟုတ် ပါဘူး။ ဒီဖြစ်စဉ်မှာ ကျွန်မတို့က ကူညီပေးဖို့ပါ။ ဒါကြောင့် အားလုံးကလည်း ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြပါ"ဟု ရိုဆာရီယိုမယ်နာလိုကပြောသည်။
ကော်မရှင်အနေဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများသို့ပါ သွားရောက်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ဘက်မလိုက်ဘဲ လွတ်လပ်သည့်အဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၄င်းကပြောသည်။
ကော်မရှင်၏ အတွင်းရေးမှူးအဖွဲ့ရုံးကို မြန်မာနိုင်ငံတွင် အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကာ လိုအပ်ပါက ဥပဒေနှင့် မှုခင်းပညာရပ်ကျွမ်းကျင်ပညာရှင်များကို ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး အဖွဲ့ဝင်မည်မျှပါမည်ကို မပြောနိုင်သေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောသည်။
















