မဟာမြတ်မုနိဘုရားကြီး၏ ဘုရားဘဏ္ဍာသိမ်းသည့်ခန်းမှ ငွေနှင့်ရွှေဆိုင်း ၅၆ သိန်းဖိုး ခိုးခံရ

မဟာမြတ်မုနိဘုရားကြီး၏ ဘုရားဘဏ္ဍာသိမ်းသည့်ခန်းမှ ငွေနှင့်ရွှေဆိုင်း ၅၆ သိန်းဖိုး ခိုးခံရ

သြဂုတ် ၁၈ ရက် ညပိုင်းတွင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရှိ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်းအတွင်းမှ ငွေနှင့်ရွှေဆိုင်း ၅၆ သိန်းဖိုး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့မရဲစခန်းမှ သိရသည်။ 

'' ငွေနဲ့ရွှေဆိုင်း ၅၆ သိန်းဖိုးအခိုးခံရတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်။ တိတိကျကျတော့ ပြောလို့မရသေးဘူး။ စီစီတီဗီမှတ်တမ်းတွေရှိတဲ့ အတွက် အမှုအမြန်ဆုံးပေါ်ပေါက်မှာပါ"ဟု ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးအမှတ် ၂ လွတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။ မဟာမြတ်မုနိဘုရားကြီးရှေ့တော်တွင်ထားရှိသည့် အလှူခံပုံး၏မှန်ကို ခွဲ၍ အတွင်းရှိ ရွှေဆိုင်း များ (တန်ဖိုး ၆ သိန်းခန့်)နှင့် အလှူငွေများ(ခန့်မှန်း သိန်း ၅၀ခန့်) စုစုပေါင်းတန်ဖိုး ခန့်မှန်း ၅၆သိန်း ကျော်ခန့်ကို ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။ 
" ခေါင်မိုးသွပ်ကို လှန်ပြီး မျက်နှာကြက်ကိုဖော်ပြီး ဝင်ခိုးသွားတယ်။ မနက်ကမှသိကြတယ်။ ဂေါပကရုံးခန်းနဲ့ ကပ်နေတဲ့ ဘုရားဘဏ္ဍာပစ္စည်းတွေသိမ်းဆည်းထားတဲ့ အခန်းပါ"ဟု ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အရှေ့ဘက်နေ ကိုအောင်ဝင်းခိုင်က ပြောသည်။ 
" လောလောဆယ် စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ဘာမှမလုပ်ရသေးပါဘူး" ဟု ချမ်းမြသာစည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။