မုဒုံမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးကို ခြိမ်းခြောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ မွန်းလွဲပိုင်းတွင် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် ကန်စွန်းရွက်ခူးပြီးနေအိမ်သို့ ပြန်လာစဉ် ခေါင်းရင်းအိမ်နေ အသက် ၁၅ နှစ်အရွယ် ဖအေတူမအေကွဲညီမ ရောက်လာခဲ့ပြီး သြဂုတ် ၁၈ ရက်က မိခင်ဖြစ်သူ ခရီးသွားနေချိန် ဖခင်ဖြစ်သူနှင့်အတူအိပ်ခဲ့ရာ ညသန်းခေါင်အချိန်၌ ၎င်းကို ဖခင်ဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဟု ညီမဖြစ်သူက ပြောပြခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စအား မည်သူမျှမပြောရန်နှင့် ပြောဆိုပါက ဓားဖြင့် ခုတ်သတ်မည်ဟု ဖခင်ဖြစ်သူက ညီမဖြစ်သူကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ထိုနည်းတူ ယခင်ကလည်း သားမယားအဖြစ် ၄ ကြိမ်ခန့်ပြုကျင့်ခဲ့ကြောင်း ပြောဆိုသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့၍ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မုဒုံမြို့မရဲစခန်းက (ပ)၁၄၄၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒုရဲမှူးခင်မောင်ထွန်းက ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

















