အမျိုးသမီးအိမ်သာအတွင်း ခိုးဝင်ကာ ဓါတ်ပုံဗီဒီယိုရိုက်ခဲ့သည်ဆိုသူကို ကာယိန္ဒြေပျက်ပြားစေမှုဖြင့် အမှုဖွင့်

အမျိုးသမီးအိမ်သာအတွင်း ခိုးဝင်ကာ ဓါတ်ပုံဗီဒီယိုရိုက်ခဲ့သည်ဆိုသူကို ကာယိန္ဒြေပျက်ပြားစေမှုဖြင့် အမှုဖွင့်

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာပလာဇာ မြေညီထပ် အမျိုးသမီးအိမ်သာ အတွင်း ခိုးဝင်ကာ ဓါတ်ပုံဗီဒီယိုရိုက်ခဲ့သည်ဆိုသူကို ကာယိန္ဒြေပျက်ပြားစေမှုဖြင့် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ ကြောင်း ဗဟန်းမြို့မရဲစခန်းမှ သိရသည်။

သြဂုတ် ၁၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် မြန်မာပလာဇာမြေညီထပ် Harry Bar အနီး K-10 Lift အမျိုးသမီးသန့်စင်ခန်းတွင်အသုံးပြုနေသူ အမျိုးသမီးကို  အခန်းနံရံကိုကျော်၍ လက်ကိုင်ဖုန်း ကင်မရာဖြင့် ဓါတ်ပုံရိုက်ကူးခံခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
''သန့်စင်ခန်းသုံးတဲ့အချိန်မှာ ဓါတ်ပုံရိုက်မှန်းသိလိုက်တာကြောင့် ဘာလို့ရိုက်တာလဲမေးဖို့ သူအပြင် ထွက်လာအောင်စောင့်တယ်။ ထွက်မလာဘူး။  သူငယ်ချင်းတွေကို အကျိုးအကြောင်းပြောပြီး သန့်ရှင်း ရေးလုပ်တဲ့အန်တီကြီးကို အကူညီတောင်းပြီးတံခါးခေါက်တယ်။ထွက်မလာဘူး။ နောက်ဆုံး လုံခြုံရေး ဝန်ထမ်းတွေခေါ်ပြီး သူတို့က အပေါ်ကနေ အခန်းကျော်ကြည့်မှ ယောင်္ကျား လေးဖြစ် နေမှန်း သိ လိုက်တယ်။ လက်ကိုင်ဖုန်းကို အတွင်းခံဘောင်းဘီထဲကနေထုတ်ပေးတယ်။ ဖွင့်ခိုင်းတော့ ဘက်ထ ရီကုန်နေတယ်ပြောတယ်။ နောက်ဆုံးတော့ လုံခြုံရေးတွေကို အကူညီတောင်းပြီး ရဲစခန်းကို အပ်လိုက်ရတယ် " ဟု ကာယကံရှင် အမျိုးသမီးက မြန်မာတိုင်းမ်ကို ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးသူ အင်းစိန်မြို့နယ်နေ ကျော်မင်းခန့် (၁၉ နှစ်)ကို  မြန်မာပလာဇာလုံခြုံရေးအဖွဲ့ခေါင်းဆောင်က တရားလိုပြုလုပ်၍ သြဂုတ် ၁၉ ရက်တွင် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။
" ရဲတပ်ဖွဲ့က စစ်ဆေးတော့ သူ့လက်ကိုင်ဖုန်းထဲမှာ အမျိုးသမီးတွေ အိမ်သာအသုံးပြုနေတဲ့ ဗီဒီယိုဖိုင်တွေ့ရတယ်။ အချို့ဟာတွေတော့ ဖျက်ထားတယ်" ဟု အဆိုပါအမျိုးသမီးကပြောသည်။  
ဗဟန်းမြို့မရဲစခန်းက (ပ)၃၇၁/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄/၅၀၉ အရ အမှုဖွင့်အရေးယူထားသည်။