ကိုယ်ပိုင်မူလတန်းကျောင်းအား ဖောက်ထွင်းခိုးခဲ့သူ နှစ်ဦး ဖမ်းမိ

ကိုယ်ပိုင်မူလတန်းကျောင်းအား ဖောက်ထွင်းခိုးခဲ့သူ နှစ်ဦး ဖမ်းမိ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်  ကိုယ်ပိုင်မူလတန်းကျောင်းအား ဖောက်ထွင်းခိုးခဲ့သူ  နှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့က သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင်မူလတန်းကျောင်း၏ ပြတင်းပေါက်မှန်ကို ရိုက်ခွဲကာ လက်တော့ပ်တစ်လုံးအပါဝင် အခြားအသုံးအဆောင်ပစ္စည်းမျိုးစုံ ၅၃ မျိုးခန့် ခိုးယူခံခဲ့ရသည်။

အဆိုပါခိုးယူခံရမှုနှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့သို့ ပိုင်ရှင်အမျိုးသားက တိုင်တန်းခဲ့ရာ သြဂုတ် ၁၆ ရက် နံနက် ၉ နာရီခွဲ အချိန်ခန့်တွင်  တိုင်တန်းသူ၏ ဖုန်းသို့ အမျိုးသားတစ်ဦးက ဆက်သွယ်ခဲ့ပြီး ခိုးယူခံထားရသည့် ပစ္စည်းများကို ပြန်ရလိုပါက ကျပ် ၁ သိန်းပေးရမည်ဖြစ် ကြောင်း၊ အဆိုပါငွေ ကို ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် ဘူတာကြီး ဝန်းအတွင်းရှိ စေတီအနီးနတ်စင်တွင် လာရောက်ချထားပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ပြောဆိုခဲ့သည်။

တိုင်တန်းသူက  ၄င်းတောင်းခံသည့် ငွေကို မီးရထားဘူတာဝန်း အထွက်လမ်းဂိတ်ပေါက်ရှိ ဂိတ်တဲတွင်ထားပေးမည်ဟု ဖုန်းဖြင့်ဆက်သွယ်ချိန်းဆိုခဲ့သည်။ မြင့်အောင်(ခ) ဖြိုးပိုင်ဝင်းဆိုသူက ချိန်းဆိုသည့် နေရာအနီးသို့ ငွေလာယူစဉ် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

၄င်းကို စစ်ဆေးချက်အရ သြဂုတ် ၁၃ ရက် ညပိုင်းက ကျောင်းပြတင်းပေါက်ကိုဖျက်၍ ကျောင်း အတွင်းရှိ ပစ္စည်းများကို ၄င်းအပါအဝင်  ၃ ဦးတို့ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက အမှုတွင်ပါဝင်သည်ဆိုသူ အောင်သူကို ဆက်လက်ဖမ်းဆီးကာ တိမ်းရှောင်နေသူများကို စစ်ဆေးရန် ဆက်လက် ဆောင်ရွက်ရွက်လျက်ရှိသည်။