မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် မီးအားထိန်းစက်အတွင်းထည့်သွင်းယူဆောင်လာသည့် စိတ်ကြွ ဆေးပြားများကို သက်ဆိုင်ရာက သြဂုတ် ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များသည် မဟာအောင်မြေ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂ လမ်း၊ ၄၂x၄၃လမ်းကြားရှိ မနော်ရမ္မံကလေးကစားကွင်းရှေ့တွင် မူးယစ်သတင်းရရှိထားသည့် လမ်းလျှောက်လာသော ဟန်ထွန်းဦး(ခ)မဲကြီး (၂၆ နှစ်) နှင့် မစောယုမွန်(ခ)အငယ်မ (၂၆ နှစ် )တို့ ၂ ဦးကို စစ်ဆေးခဲ့သည်။ ဟန်ထွန်းဦး(ခ)မဲကြီး၏ ယာလက်ဖြင့် ကိုင်ထားသော CE တံဆိပ်ပါ ဆက်သွယ်ရေးလုပ်ငန်းသုံး ကွန်ထရိုလာမီးအားထိန်းစက်အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ နီညိုရောင်ဆေးပြား ၂၀ဝ ပြားစီပါ ၅ ထုပ်၊ ၁၀ဝ ပြားစီပါ ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၁၂၀ဝ ပြား၊ အလေးချိန် ၁၂၀ ဂရမ်နှင့် မစောယုမွန်(ခ)အငယ်မ ထံမှ မူးယစ် ဆေးဝါးရောင်း/ဝယ်ရာတွင် ဆက် သွယ်အသုံးပြုသည့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၂ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မဟာအောင်မြေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။

















