ဘုရားပွဲဈေးအတွင်း ၁ နှစ်ကလေးငယ်ထံမှ ရွှေဆွဲကြိုးလုယူသူကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ ပိုအပ်ခဲ့ကြောင်း သြဂုတ် ၂၀ ရက်တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မကွေးတိုင်းဒေသကြီး ကံမမြို့နယ်နေ မစောယုနိုင်သည် ညောင်ဦးမြို့ လောကနန္ဒာဘုရားပွဲဈေး၌ အထည်ရောင်းနေသော ၎င်း၏ဖခင်ဖြစ်သူထံ သားငယ်ဖြစ်သူနှင့် အလည်ရောက်ရှိခဲ့သည်။
သြဂုတ် ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးရွာနေသဖြင့် ဆိုင်အတွင်းရေမဝင်ရန် ဖခင်ဖြစ်သူနှင့်အတူ ရေမြောင်းဖောက်ခဲ့သည်။ ဆိုင်ရှေ့အထည်ပုံပေါ်၌တင်ထားသော အသက် ၁ နှစ်အရွယ် သားဖြစ်သူ၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေဆွဲကြိုးကို အမျိုးသားတစ်ဦးက ဖြုတ်ယူသွားသည်ကို ပတ်ဝန်းကျင်အော်သံများကြသဖြင့် ထွက်ကြည့်ခဲ့သည်။ ရွှေဆွဲကြိုးဖြုတ်ယူထွက်ပြေးသူကို ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ရေနံချောင်းမြို့နယ်နေ မြတ်ထွန်းအောင်(ခ)သာဒင် ၂၃ နှစ်ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ပုဂံနယ်မြေရဲစခန်းက(ပ)၆၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















