တာချီလိတ်မြို့ ကျောက်တောင်ပေါ်တွင် လူတစ်ဦးကို မှိန်းဖြင့်ထိုးသတ်သူကို လူမှုကူညီရေးအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့မှု ယနေ့ (သြဂုတ် ၂၁) ရက်နေ့ကဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို ့ကျောက်တောင် အပေါ် အာခါရွာ ခရစ်ယာန် ဘုရားကျောင်းအနီးတွင် လူတစ်ဦး မှိန်းချွန်ဖြင့်အထိုးခံရသဖြင့် ဒဏ်ရာရရှိကြောင်း ပုန်းထွန်ရပ်ကွက်ဥက္ကဌ ဦးစိုင်းဖတ်က တာချီလိတ်မြို့ နာရေးကူညီမှုအသင်းထံ အကြောင်းကြားခဲ့သည်။
အသင်းဥက္ကဋ္ဌ ဦးလှမိုးနှင့်အဖွဲ့က ဒဏ်ရာရရှိသူကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် သွားရောက် အကူအညီပေးစဉ် မှိန်းဖြင့်ထိုးသူ အမျိုးသားက ရန်ပြုသဖြင့် ရပ်ကွက်ဥက္ကဋ္ဌ နှင့် အသင်းသူအသင်းသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်။
မှိန်းဖြင့်ထိုးခဲ့သည့် ရန်ပြုသူ အားညီ (စိစစ်ဆဲ)ကို ဖမ်းဆီးခဲ့ပြီး ၄င်းမှိန်းဖြင့်ထိုးသူမှာ ဇော်ဝင်းထွန်း(၄၃ နှစ်)ဖြစ်ကာ ချိုင်း၊ ရင်ခေါင်းနှင့်ဝမ်းဗိုက်တို့တွင် မှိန်းဒဏ်ရာများရရှိ သေဆုံးခဲ့ကြောင်း သိရသည်။ အားညီ ကို တာချီလိတ်မြို ့မရဲစခန်းမှ ဒုရဲမှူး မျိုးခိုင် နှင့်အဖွဲ ့က ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

















