ရဲအရာရှိနှင့် ရဲတပ်သား ၃ ဦးကို လူ ၁၀ ဦးက ဓားဖြင့်ဝိုင်းခုတ်

ရဲအရာရှိနှင့် ရဲတပ်သား ၃ ဦးကို လူ ၁၀ ဦးက ဓားဖြင့်ဝိုင်းခုတ်

ပဲခူးမြို့တွင် တာဝန်ချိန်ပြီးဆုံးသဖြင့် ကေတီဗီဆိုင်သို့ သွားရောက်ခဲ့သည့် ရဲအရာရှိတစ်ဦးနှင့် ရဲတပ်သား ၃ ဦးကို လူ ၁၀ ဦးက ဓားဖြင့်ဝိုင်းခုတ်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့မှု ယနေ့ (သြဂုတ် ၂၁ ရက်နေ့)က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ပဲခူးမြို့ အမှတ် (၁) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝင်းမင်းသန့် ၊ ခရိုင်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ ရဲတပ်သား ပြည့်ဖြိုးအောင်၊ ထွန်းထွန်းဝင်း နှင့် အောင်သီဟဦးတို့သည် ပဲခူးမြို့  ဥသာ(၃) ရပ်ကွက်ရှိ ရွှေမင်းသား ကေတီဗီဆိုင်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်နှင့်သွားရောက်ခဲ့ကြောင်း သိရသည်။ 
" ဒီမနက်မှ ဂျူတီဝင်တာပါ အမှုနဲ့ ပတ်သက်လို့ ဘာမှ မသိရသေးဘူး။ အမှတ် ၃ ရဲစခန်းကို မေး ကြည့်ပါ" ဟု အမှတ် ၁ နယ်မြေရဲစခန်းမှ အမျိုးသမီးရဲအရာရှိက ပြောသည်။ 
၄င်းတို့ ၄ ဦးကေတီဗီသို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့စဉ် လမ်းတွင်ဆိုင်ကယ်တစ်စီးနှင့် ပွတ်တိုက်မိသည့် အနေအထားဖြစ်ခဲ့သောကြောင့် ရဲတပ်သားထွန်းထွန်းဝင်းက ဘယ်လိုမောင်းနေသလဲဟု အော်ငေါက်ခဲ့ကြောင်း ကေတီဗီဆိုင်မှ ပြန်ထွက်လာခဲ့ပြီး သန်းခေါင်းကျော် နံနက် ၂ နာရီ ဝန်းကျင်ခန့်တွင် ဗထူးလမ်းနှင့် မနောဖူးလမ်းဆုံအရောက် အမည်မသိ အမျိုးသား ၁၀ ဦးက ဓားများကိုင်ဆောင်ကာ မင်းတို့လားကွဟု ပြောဆိုကာ ဓားဖြင့်ခုတ်ခဲ့ကြောင်း အမှုတိုင်ကြားချက်တွင် ဖော်ပြထားသည်။ 
ထိုသို့ ဓားများဖြင့် ဝိုင်းခုတ်ခဲ့ခြင်းကြောင့် ဒုရဲအုပ် ဝင်းမင်းသန့်၊ ရဲတပ်သားပြည့်ဖြိုးအောင်နှင့် ထွန်းထွန်းဝင်းတို့တွင် ဦးခေါင်း၊ မျက်နှာနှင့် ခန္ဒာကိုယ်အနှံတို့တွင် ဓားဒဏ်ရာများရရှိကာ ပဲခူးပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေရပြီး ရဲတပ်သားအောင်သီဟဦးတွင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။ 
'' လောလောဆယ်တော့ တရားခံတွေကို စုံစမ်းစစ်ဆေးနေတုန်းပါပဲ၊ ကျွန်တော်တို့ ပြောလို့ မရသေးဘူး။ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို ဆေးရုံမှာ ကုသနေတယ်" ဟု ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ် ၃ နယ်မြေရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ဖုန်းလိုင်းပျက်နေသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပေ။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် ၃ နယ်မြေရဲစခန်းက (ပ)၁၁၀၅/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၂၄/၃၂၃/၁၁၄ တို့ အရ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။
သြဂုတ် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း မကွေးမြို့ရှိ ကေတီဗီဆိုင်တစ်ခုတွင် သွားရောက်ထိန်းသိမ်းသူ ရဲတပ်ဖွဲ့ဝင်များနှင့် လူငယ် ၅ ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နောက်တစ်နေ့ အဆိုပါ လူငယ်များထဲမှ တစ်ဦးကို ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူများက ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။