အာရှအားကစားပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို သြဂုတ် ၂၁ ရက်က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ထိုက်ချိချွမ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဝူရှူးကစားသမား ငြိမ်းချမ်းကိုကိုက အဆင့်၇နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
ရပ်တည်ခဲ့
အဆိုပါပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက ရမှတ် ၉ဒသမ ၆၉မှတ်ဖြင့် အဆင့် ၇နေရာတွင် ရပ်တည်ခဲ့သော်လည်း ခန့်မင်းထက်မှာမှု ရမှတ် ၉ ဒသမ ၄၁မှတ်ဖြင့် အဆင့် ၁၄နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် တရုတ်ကစားသမားက ရမှတ် ၉ ဒသမ ၇၅မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေခဲ့ပြီး ငြိမ်းချမ်းကိုကို၏ အပေါ်တွင် ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ဂျပန်၊တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
ယှဉ်ပြိုင်ကြမည်
နန်းကွန့်ပြိုင်ပွဲတွင် သိန်းသန်းဦးက အဆင့်၂၀နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး ပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုကို မကာအို ကစားသမားမှ ရရှိခဲ့ကာ ငွေတံဆိပ်ဆုကို ဗီယက်နမ်၊ကြေးတံဆိပ်ဆုကို တောင်ကိုရီးယားကစားသမားတို့ကရရှိခဲ့ကြသည်။
သိန်းသန်းဦးသည် သြဂုတ် ၂၀ရက်က နန်းချွမ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၆နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ဝူရှူးပြိုင်ပွဲ လေးရက်မြောက်နေ့ပွဲစဉ်များကို သြဂုတ်၂၂ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















