ဟွေပါဆပ်ရွှေမှော်တွင် ဓားပြတိုက်သွားသူခြောက်ဦး ဖမ်းမိ တိမ်းရှောင်နေသူကို စုံစမ်းနေ

ဟွေပါဆပ်ရွှေမှော်တွင် ဓားပြတိုက်သွားသူခြောက်ဦး ဖမ်းမိ တိမ်းရှောင်နေသူကို စုံစမ်းနေ

ဟုမ္မလင်းမြို့နယ်၊ သပြေကုန်း နောင်မိုးကျေးရွာ ဟွေပါဆပ်ရွှေမှော်ရှိ နေအိမ် နှစ်လုံးအား ဓားပြတိုက်မှုကျုးလွန်ခဲ့သူ ၆ ဦးကိုသက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး တိမ်းရှောင်နေသူများကို စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 ဩဂုတ် ၂၉ ရက် ည ၇ နာရီ ၂၀ မိနစ်အချိန် ဟုမ္မလင်းမြို့နယ်၊ သပြေကုန်း နောင်မိုးကျေးရွာ ဟွေပါဆပ်ရွှေမှော်ရှိ အသက် ၃၅ နှစ်အရွယ်အမျိုးသမီး၏ စက်ပစ္စည်းနှင့် စက်သုံးဆီ အရောင်းဆိုင်သို့ မျက်နှာတွင် အဝတ်များစည်းထားသည့် အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ) ရောက်ရှိ လာပြီး စိန်နားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ ပုလဲနားကပ် ၁ ရံ၊ ဖုန်း ၁ လုံး၊ ငွေကျပ် ၂၀ သိန်း၊ စုစုပေါင်းတန်ဖိုး(၃,၀၆၀,၀၀၀)ကျပ်ခန့်အား ခြိမ်းခြောက် ယူဆောင်သွားခဲ့သည်။

အလားတူ အဆိုပါနေ့ ည ၇ နာရီခွဲအချိန်တွင် အထက်ပါဆိုင်၏ ယာဘက် ပေ ၁၀၀ ခန့်အကွာရှိ အသက် ၂၂ အရွယ်အမျိုးသား၏ စက်ပစ္စည်းနှင့် စက်သုံးဆီ အရောင်းဆိုင်သို့ လူ ၁၂ ဦး(စိစစ်ဆဲ)ရောက်ရှိလာကာ ၁ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ နားကပ် ၁ ဖက်၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ ငွေစက္ကူရောရာ ၁,၁၇၀,၀၀၀ ကျပ်၊ စုစုပေါင်းတန်ဖိုး (၄,၂၀၀,၀၀၀)ကျပ်ခန့် အား ခြိမ်းခြောက်ယူဆောင်ကာ ၎င်းတို့အနက်တစ်ဦးက ဆိုင်ရှင်အမျိုးသားအား တုတ်ဖြင့် ရိုက်ခဲ့ရာ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သည်။

မိုင်းကိုင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် ဩဂုတ် ၂၀ ရက်တွင် အမှုဖွင့်စုံစမ်းခဲ့သည်။ 

ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး သန်းရွှေ ဦးစီးသည့် တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ထိန်ကုန်းကျေးရွာ ဝေဝိုင်း ရွှေမှော်မှ ပြစ်မှုကျူးလွန်သူ ထိန်ကုန်းကျေးရွာနေ အောင်နေလင်း(ခ)ဘိုငယ်(၂၅)နှစ်၊ ဟုမ္မလင်း မြို့နယ်နေသူများဖြစ်သည့် ကရင်(ခ)သိန်းနိုင်(၄၄)နှစ်၊ အဲဝင်း(ခ)ဝင်းလွင်ဦး(၁၈)နှစ်၊ ဇော်မျိုးအောင် (၁၈)နှစ်၊ ဇော်ဇော်မြင့်(ခ)ဖိုးဇော်(၁၉) နှစ်နှင့်  မင်းကင်းမြို့နေ ဇော်မင်းဦး(ခ)စစ်ကေ(၂၉) နှစ် တို့အား သက်သေခံပစ္စည်းများဖြစ်သည့် ရွှေဆွဲကြိုး ၂ ကုံး၊ စိန်နားကပ် ၁ ရံ၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံး၊ ငွေ(၂၃၅,၀၀၀)ကျပ်တို့နှင့်အတူ သြဂုတ် ၂၀ ရက်မှာပင် ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဝေဝိုင်းရွှေမှော် အနီးတောစပ်မှ တူးမီ သေနတ် ၂ လက်၊ ရေသန့်ဗူး/အအေးဗူးတို့ဖြင့်ထည့်ထားသော ယမ်းမှုန့် ၂ ဗူး၊ ကြွတ်ကြွတ်အိတ်ဖြင့် ထည့်ထားသည့် ယမ်းမှုန့် ၁ ထုပ်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အမှုတွင် ပါဝင်ကာ တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။