အကြွေးလာတောင်းသူ ညီမ ၂ ဦးကို အစ်ကိုက ဓားနှင့်ထိုးသဖြင့် တစ်ဦးသေဆုံး

အကြွေးလာတောင်းသူ ညီမ ၂ ဦးကို အစ်ကိုက ဓားနှင့်ထိုးသဖြင့် တစ်ဦးသေဆုံး

ရွှေညောင်မြို့နယ်တွင် အကြွေးလာတောင်းသူ ညီမ ၂ ဦးကို အစ်ကိုက ဓားနှင့်ထိုးသဖြင့် တစ်ဦး သေဆုံးခဲ့မှုကို သက်ဆိုင်ရာက သြဂုတ် ၂၁ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း မြို့မ ရဲစခန်းမှ သိရသည်။ 

သြဂုတ် ၂၀ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်က ရွှေညောင်မြို့နယ် နေသူ ဦးမြမင်းဦးက နေအိမ်တွင် ရှိနေစဉ် ၎င်းအိမ်နှင့်မနီးမဝေး သပြေလမ်းဆုံ၌ ၎င်း၏ညီမဖြစ်သူ မရီရီသန့်နှင့် မအေးအေး တို့(၂)ဦးတို့က အစ်ကိုလတ်ဖြစ်သူ သိန်းဇော်လတ်ထံ အကြွေးတောင်းရာမှ စကားများ ရန်ဖြစ်ခဲ့သည်။
ထို့သို့ စကားများစဉ် အကြွေးလာတောင်းသော ညီမ ၂ ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ သက်ဆိုင်ရာ၏ စုံစမ်းချက်အရ မရီရီသန့်၏ ဝဲဘက် နို့အုံ အောက်တွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိလဲကျနေပြီး မအေးအေးသန့်တွင် ဝဲဘက် ဗိုက်အောက် ခါးစောင်းနေရာတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိထားသောကြောင့် ရဲဆေးစာနှင့်အတူ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ အပ်ခဲ့သည်။ ထိုသို့ ပို့အပ်ကုသစဉ် သြဂုတ် ၂၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မရီရီသန့်မှာရရှိသည့် ဒဏ်ရာဖြင့်သေဆုံးခဲ့သောကြောင့် ညီမဖြစ်သူ ၂ ဦးကို ဓားနှင့်ထိုးခဲ့သူ ညီဖြစ်သူ သိန်းဇော်လတ်ကို အရေးယူပေးရန် ဦးမြမင်းဦးက တိုင်ကြားခဲ့သည်။ 
ရွှေညောင်မြို့မရဲစခန်းက (ပ)၉၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ သိန်းဇော်လတ်ကို ဖမ်းဆီးခဲ့ပြီး အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန်ကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။